မနေ့က ချက်နဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ ရော်နယ်ဒိုတယောက် ပြိုင်ဘက်ဂိုးသမားနဲ့ အပြိုင်ခုန်တိုက်ရင်း ဒဏ်ရာရသွားပါတယ်။ နှာခေါင်းထိခိုက်မိခဲ့တာဖြစ်ပြီး သွေးတွေပါ ထွက်ကျလာခဲ့တာပါ။ ဆေးကုသမှုတွေ ခံယူခဲ့ရပြီးတော့ သူ ပွဲချိန်ပြည့်ကစား
သွားခဲ့ပြီး ဂျိုတာရဲ့သွင်းဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။ အသက် ၃၇ နှစ်အရွယ် ကစားသမားက သူလုပ်နိုင်တာအကုန်လုံးကို ကွင်းထဲမှာ လုပ်ပြနေတုန်းပါပဲ။ ဒီအသက်အရွယ်နဲ့ ကစားသမားတယောက်ရဲ့ လုပ်နိုင်စွမ်းက အသိအမှတ်ပြုရမယ့်အနေအထား
တခုမှာတော့ ရှိနေသေးတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။
ယူနိုက်တက်မှာ ရော်နယ်ဒိုက ပုံမှန်ကစားခွင့်ပျောက်ဆုံးနေပြီး ဂိုးကလည်း ယူရိုပါလိဂ်မှာ ပင်နယ်တီကနေ ၁ ဂိုးပဲရထားပါတယ်။ မနေ့က ပွဲမှာ သူ ဂိုးပြန်သွင်းပြီးတော့ ယုံကြည်မှုပြန်ယူနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် သွင်းဂိုးတော့မရခဲ့ပါဘူး။ ဒါပေမယ့် ပွဲချိန်ပြည့်
ကစားတယ်၊ တကြိမ်ဖန်တီးပေးနိုင်ခဲ့တယ်ဆိုတာကတော့ မဆိုးလှပါဘူး။ အသင်းဖော်ဒါလော့ဂိုးသွင်းချိန်မှာဆိုလည်း ရော်နယ်ဒိုက ကျေနပ်အားရမှုအပြည့်ရှိနေခဲ့ပြီး အားပါးတရအောင်ပွဲလိုက်ခံခဲ့ပါသေးတယ်။ အသင်းဖော်ဂိုးသွင်းတာပဲ၊ မပျော်လို့ ငိုနေရမှာလား
ဆိုပြိးမေးစရာရှိပါတယ်။ ဆိုလိုတာက အသင်းနဲ့အတူ သူ တသားတည်းရှိနေပြီး သူ ဂိုးမသွင်းနိုင်ခဲ့ရင်တောင်မှ ဒါကို စိတ်ပျက်နေမှာမဟုတ်ဘူးလို့ ပြောချင်တာပါ။
ဒီဘက်နှစ်တွေမှာ သူ့ကိုသာ ပွဲကစားခွင့်ပေး၊ အစွမ်းရှိသလောက်ရုန်းပေးမယ်၊ သူ့ကိုသာ ကွင်းထဲထည့်ပေး၊ ဂိုးရဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားပေးမယ်ဆိုတဲ့ စစ်သည်တော်တယောက်ရဲ့ ပုံစံကိုတော့ အားလုံးက မမြင်ချင်ယောင်ဆောင်ပြီး သူ့ရဲ့အားနည်းချက်တွေကိုပဲ လိုက်ကြည့်ဝေဖန်နေခဲ့ကြတာပါ။
ဒါပေမယ့် ပေါ်တူဂီသားကတော့ သူ့အလုပ်သူ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ဖို့ကိုပဲ အာရုံစိုက်ပြီး ကစားနေတုန်းပါပဲ။ဒီလိုတွေကြောင့်လည်း ထိပ်ဆုံးအဆင့်မှာ သူ ရပ်တည်နိုင်ခဲ့တာဖြစ်ပါလိမ့်မယ်။ နောက်ဆုံးပိတ်ပြောရရင်တော့ ဒါက ရော်နယ်ဒိုလေ၊
တခြားကစားသမားမှမဟုတ်တာဆိုတာပါပဲ။
ပေါ်တူဂီက ၄ ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး အုပ်စုဗိုလ်ဖြစ်နေတုန်းပါပဲ။ စပိန်နဲ့ ကစားရမယ့် အင်္ဂါနေ့ပွဲမှာ သရေကစားနိုင်တာနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာဖြစ်ပြီး နေးရှင်းလိဂ်ဖလားကို နောက်တကြိမ်ရယူနိုင်ဖို့အတွက် မျှော်လင့်နိုင်ဦးမှာပါ။ ရော်နယ်ဒိုအတွက်လည်း
နောက်ထပ်နိုင်ငံတကာဖလားတလုံးထပ်ရမလားဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာပါ။