top of page
  • Facebook
  • YouTube

Add a Title

နောက်တကြိမ် ထပ်ပြီးစော်ကားခံလိုက်ရတဲ့ ဆွန်ဟောင်မင်


ပရီးမီးယားလိဂ်တနှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာတောင် မပါခဲ့တုန်းက ဆွန်ဟောင်မင်က ပထမဆုံးအကြိမ် စော်ကားခံခဲ့ရတာပါ။ ပင်နယ်တီမပါဘဲ ၂၃ ဂိုးအထိ သွင်းပေးခဲ့တဲ့ တောင်ကိုရီးယားသားကို ဆန်ခါတင်အဆင့်လေးမှာတောင် မထည့်သွင်းခဲ့လို့လည်း ဝေဖန်သံတွေ ဆူညံနေခဲ့ပါတယ်။ အခုတခါ အကောင်းဆုံးအသင်းကို ထုတ်ပြန်ခဲ့ရာမှာလည်း သူ ကျန်နေခဲလို့ ပွက်လောက်ရိုက်နေပြန်ပါပြီ။ ဆွန်အတွက်လည်း ဒုတိယအကြိမ်မြောက် စော်ကားခံလိုက်ရတာပါ။


စပါးကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် အဓိကနေရာက ကူညီပေးခဲ့သူ၊ ပရီးမီးယားလိဂ်သမိုင်းမှာ ပင်နယ်တီသွင်းဂိုးမပါဘဲ ရွှေဖိနပ်ဆုရခဲ့တဲ့ ပထမဆုံးကစားသမား၊ အာရှသားတယောက်ရဲ့ ဥရောပအဆင့်အမြင့်ဆံးလိဂ်တခုမှာ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့တဲ့နှစ်မှာ ဘယ်လိုအသိအမှတ်ပြုမှုမျိုးမှ မရဘူးဆိုတာက တော်တော်လေးတော့ လွဲချော်နေတဲ့ အရာပါပဲ။ ဒါဟာ လူမျိုးရေးအရခွဲခြားမှုဖြစ်တယ်လို့တောင် စွပ်စွဲသူတွေ ရှိနေပါပြီ။ တကယ်လည်းပဲ အဲဒီလိုဖြစ်နေလားလို့ မေးရမှာပါ။ အာရှသားမို့ နှိမ်တာလား၊ လူမျိုးကြီးဝါဒတွေနဲ့ အစွဲမကင်းခဲ့တာလားဆိုတာကလည်း သံသယဝင်စရာပါ။


ဘယ်လိုပဲစဉ်းစား၊စဉ်းစား ဆွန်ဟောင်မင်အတွက် နေရာတနေရာတော့ ရှိနေခဲ့သင့်တာပါ။ ရော်နယ်ဒို၊ မာနေးတို့တောင်ပါလာခဲ့ပြီးမှ ဆွန်မပါခဲ့တာက ဘာလို့လဲဆိုတာ စဉ်းစားရကျပ်နေပါတယ်။ မဲပေးရွေးချယ်ခဲ့တာကြောင့်လို့ အကြောင်းပြလို့ရပေမယ့် မဲပေးခဲ့သူတွေက

ဒီကစားသမားတွေပဲမဟုတ်လား။ ဆွန်နဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့သူတွေ၊ ဆွန်က ဘယ်လိုကစားသမားလဲဆိုတာ ကောင်းကောင်းသိနေတဲ့သူတွေချည်းပါပဲ။ ကိုယ့်အသင်းဖော်ကို ကိုယ်ပေး၊ နိုင်ငံတူကစားသမားဆို ပိုပိုသာသာလေးရွေးချယ်၊ ဒီလိုနဲ့ပဲ တကယ်အရည်အချင်းပြနိုင်ခဲ့သူတွေ

ဘေးထွက်ထိုင်နေရတယ်ဆိုတာက ကမ္ဘာကျော်လိဂ်ကြီးမှာပါ ရှိနေခဲ့တာလား?


ရွှေဖိနပ်ဆုအတွက် အရေးကြီးနေတဲ့အချိန်မှာတောင် အသင်းပင်နယ်တီရပေမယ့် ကန်ခွင့်မရခဲ့သူ၊ ရွှေဖိနပ်ဆုအတွက် နောက်ဆုံးပွဲအထိ တိုက်ပွဲဝင်ခဲ့ရသူ၊ အာရှတိုက်ရဲ့ ဂုဏ်ကို မြှင့်တင်ပေးခဲ့သူတယောက် ပြန်ရရှိခဲ့တာက ဒါတွေလား။ တွေးကြည့်ရင်တော်တော်လေး အသည်းနာဖို့ကောင်းပါတယ်။ ဘယ်လိုကမ္ဘာကျော်ကစားသမားတွေနဲ့မဆို ရင်ဘောင်တန်းနိုင်တဲ့ အရည်အသွေးမျိုးကို ပြခဲ့တာတောင်မှ သူ့အတွက်နေရာလေးတနေရာမပေးခဲ့တာ၊ မရှိခဲ့တာက ဝမ်းနည်းဖို့လည်းကောင်းပါတယ်။ ဆွန်ဟောင်မင်ဟာ အကြိမ်ကြိမ်စော်ကားခံနေခဲ့ရပြီး ထိုက်တန်တဲ့ အသိအမှတ်ပြုမှုမရခဲ့တာတော့ အမှန်ပါပဲ။


တကယ်ဆိုရင် သူ ရခဲ့တဲ့ ရွှေဖိနပ်ဆုတောင်မှ ကိန်းဂဏန်းကြောင့် မပေးလို့မရလို့ ပေးခဲ့ရတာလားတောင်မှ မသိတော့ပါဘူး။

bottom of page