
အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ မက်ဆီအတွက် လာမယ့်ကာတာကမ္ဘာ့ဖလားက သူ့အတွက်နောက်ဆုံးသော ကမ္ဘာ့ဖလားဖြစ်ဖို့သေချာသလောက်ပါပဲ။ ကလပ်ကစားသမားဘ၀မှာ လျှမ်းလျှမ်းတောက်ခဲ့ပြီး အောင်မြင်မှုသရဖူဆိုတာ မလိုချင်တော့လောက်အောင်အထိကို ရရှိထားခဲ့တဲ့ ဒီအာဂျင်တိုင်းသားအတွက်လည်း ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ဖို့ နောက်ဆုံးသောအခွင့်အရေးလည်းဖြစ်လာမှာပါ။ ကိုပါအမေရိကနဲ့ တိုက်ကြီး ၂ခုချန်ပီယံဖလားကို ဆွတ်ခူးထားတဲ့ မက်ဆီက လက်ရွေးစင်အောင်မြင်မှုကတော့ ချို့တဲ့လွန်းပါတယ်။ ဒီတော့ လာမယ့် ကမ္ဘာ့ဖလားမှာ သူ အားကုန်သုံးပြီး ဖလားရဖို့ ကြိုးစားလာမှာ အသေအချာပါပဲ။ အခု မက်ဆီရဲ့ အာဂျင်တီးနားခြေစွမ်းက အရင်လိုမဟုတ်တော့ပါဘူး။ လက်ရွေးစင်အသင်းအတွက် သူ တောက်လျှောက်ခြေစွမ်းပြနေပြီးတော့ ကလပ်အသင်းနဲ့ ပြောင်းပြန်ပုံစံဖြစ်သွားပါတယ်။ အရင်တုန်းက နိုင်ငံအသင်းရောက်ရင် မက်ဆီက ကလပ်အသင်းမှာလောက် မလုပ်ပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပွဲကစလို့ သူ့ရဲ့လက်ရွေးစင်ခြေစွမ်းက မြင့်မားလာပါတယ်။ အသင်းအတွက် နောက်ဆုံး ၁၀ ပွဲမှာ ၁၀ဂိုးအထိ သွင်းပေးထားပြီး တပွဲတည်း ၅ ဂိုးတောင်ရခဲ့တာလည်း ပါဝင်နေတာပါ။ ဒီလိုတွေဖြစ်လာမှုနဲ့အတူ မက်ဆီနောက်မှာ အာဂျင်တီးနားတသင်းလုံးရှိနေတာကလည်း အရေးကြီးတဲ့ သော့ချက်ဖြစ်နေပါတယ်။ "ကမ္ဘာ့ဖလားသာ ကျနော်တို့ဆွတ်ခူးခဲ့မယ်ဆိုရင် ကိုယ့်ကိုကိုယ်ထက် မက်ဆီအတွက် ပိုပျော်မိမှာပါ" လို့ ကွင်းလယ်လူပါရီဒက်စ်က ပြောပါတယ်။ သူက မက်ဆီနဲ့ ကလပ်အသင်းမှာလည်း အသင်းဖော်တွေပါ။ ပြီးတော့ ဂိုးသမားမာတီနက်ဇ်ကလည်း "မက်ဆီအတွက် ကျနော်တို့အားလုံး ခြင်္သေ့တွေလို ကြိုးစားနေပါတယ်" လို့ ဖွင့်ဟပါတယ်။ မက်ဆီက လက်ရွေးစင်ကစားသမားဘ၀မှာ သူ မရရှိခဲ့ဖူးတဲ့ လေးစားမှုတွေ၊ ချစ်ခင်မှုတွေနဲ့ အကာအကွယ်ပေးမှုတွေကို ရနေတဲ့အချိန်ဖြစ်နေပါတယ်။ ဘာစီလိုနာမှာ သူ့ကို အသင်းဖော်တွေ ဆက်ဆံတဲ့ပုံစံမျိုးပါ။ သူ့ခြေစွမ်းမြင့်မားလာတာနဲ့ ဒါက ဆက်စပ်နေတယ်လို့ ယူဆရပါတယ်။ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေက လေးစားမှုပေးခဲ့တာ၊ အသင်းနိုင်ပွဲရချိန်မှာ မက်ဆီကိုပဲ ဦးစားပေးပြီး အောင်ပွဲခံခဲ့ကြတာ၊ မက်ဆီနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ကို အလှည့်ကျစောင့်ဆိုင်းတာတွေ လုပ်ပေးခဲ့တာက တော်တော်လေးတာသွားခဲ့ပါတယ်။ ဒါတွေက သူတို့နိုင်ငံရဲ့ သမိုင်းတလျှောက်အကောင်းဆုံးကစားသမားကို ကမ္ဘာ့ဖလားကိုင်မြှောက်ပြီးမှ အနားယူစေချင်တဲ့ စိတ်အရင်းခံတွေဖြစ်မယ်လို့လည်း ထင်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မက်ဆီက လက်ရွေးစင်ကစားသမားဘ၀မှာ အကောင်းဆုံးအစုအဖွဲ့၊ အကောင်းဆုံးစိတ်ဓာတ်ပိုင်း၊ အကောင်းဆုံးပုံစံတွေနဲ့ ရှိနေတာတော့ အမှန်ပါပဲ။ ကာတာကမ္ဘာ့ဖလားမှာ သူ အသင်းခေါင်းဆောင်အဖြစ်နဲ့ သူ့အတွက် ပထမဆုံးကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်မလား၊ အာဂျင်တီးနားအတွက် ဒုတိယမြောက်ကမ္ဘာ့ဖလားကို မာရာဒိုနာလို ဆွတ်ခူးပေးနိုင်မလားဆိုတာကတော့..။