လီဗာပူးလ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ယူနိုက်တက်နောက်ခံလူမာတီနက်ဇ်က ဆောက်သမ်တန်နဲ့ပွဲမှာလည်း ခြေစွမ်းပြသွားခဲ့တယ်။ အကောင်းဆုံးကစားသမားဆုကို သူပဲထပ်ရခဲ့ပြီး နှစ်ပွဲဆက်တိုက်ရယူနိုင်ခဲ့တာပါ။ အာဂျင်တီးနားနောက်ခံလူရဲ့ ခြေစွမ်းကလည်း တကယ်ကို ချီးကျူးဖို့ကောင်းလောက်အောင်ပါပဲ။ သူ့ကို ဝေဖန်ထားမှုတွေအပေါ်မှာ ကောင်းကောင်းကြီးတုံ့ပြန်ပြနေပြီး တန်ဟက်ဂျ်က ဘာလို့ စျေးကြီးပေးခေါ်ခဲ့တာလဲဆိုတာကိုပါ ကွက်ကွက်ကွင်းကွင်းမြင်နေရတာပါ။ မနေ့ကပွဲမှာ သူ့စွမ်းဆောင်ရည်က မြေပြင်လုယူမှု ၁၀၀% အောင်မြင် Dribbles ၁၀၀% အောင်မြင် ဘောလုံးထိချက် ၆၁ ကြိမ် ပေးပို့မှု ၄၈ ကြိမ်အောင်မြင် ရှင်းထုတ်မှု ၇ ကြိမ် အမြင့်ဘော ၅/၅ အောင်မြင် ကြားဖြတ်လုယူမှု ၄ ကြိမ် အထိ သူ လုပ်နိုင်ခဲ့ပါတယ်။ ဘရိုက်တန်၊ ဘရန်ဖို့ဒ်နဲ့ပွဲတွေအပြီးမှာ သူ့ကို ဘောလုံးပွဲဝေဖန်သူ ဂျင်မီရက်နပ် နဲ့ ဂျင်မီကာရေဂါတို့က ပယ်ပယ်နယ်နယ်ဝေဖန်ခဲ့ပါတယ်။ ဒီလိဂ်မှာဆိုရင် ဒီအဆင့်လောက်နဲ့မရဘူးပေါ့လေ။ မာတီနက်ဇ်က ပရီးမီးယားလိဂ်ဗဟိုခံစစ်မှူးတွေထဲမှာ အရပ်အပုဆုံးလည်း ဖြစ်နေတယ်။ ဒါကအားနည်းချက်ဆိုပြီးတေ့ာ ထောက်ပြတာပေါ့လေ။ အခုတော့ သူက အမြင့်ဘော ၅ ကြိမ်မှာ ၅ ကြိမ်စလုံးအသာရအောင်ကစားနိုင်ခဲ့ပြီး အရပ်အမောင်းက ပြသနာလားဆိုတာကို ပြန်ပြီး မေးခွန်းထုတ်ပြသွားခဲ့ပါတယ်။ ခံစစ်မှူးတဦးခြေစွမ်းပြတာက အသင်းကွင်းလယ်နဲ့ တိုက်စစ်ညံ့လို့ဆိုတဲ့ ပုံစံမျိုး ပြောတာမျိုးတွေလည်း ရှိနေပါတယ်။ တခုစဉ်းစားစရာက ကိုယ်က တပွဲလုံးဖိကစားနေတာမှမဟုတ်တာ။ ပြိုင်ဘက်ရဲ့ ဖိအားပေးတာကိုလည်း ခံရမှာပါပဲ။ ဒီလိုအချိန်မှာ သူ့တာဝန်သူကျေခဲ့တာက အသင်းအားနည်းချက်ကြောင့်ဆိုတာ အများကြီးမသက်ဆိုင်လှပါဘူး။ သက်ဆိုင်လည်း နည်းနည်းပါးပါးလောက်ပါပဲ။ ဘာပဲဖြစ်ဖြစ် မာတီနက်ဇ်က ယူနိုက်တက်အတွက် အားကိုးနေရပါပြီ။ မာတယ်၊မြန်တယ်၊ သတ္တိလည်းရှိတယ်၊ အဝင်အထွက်လည်းရဲပါတယ်။ ဗာရန်းနဲ့အတွဲညီသလို ဘယ်ခြမ်းမှာလည်း မာလာစီယာနဲ့ နားလည်မှုက ပြည့်၀နေပါတယ်။ သူ ကစားတာကို ကြည့်ရတာကိုက အားမာန်အပြည့်ရှိနေတာ သိသာလွန်းပြီး ပရိသတ်တွေပါ စိတ်တက်ကြွလာစေတဲ့ ကစားသမားမျိုးပါ။ သူ့ကိုအကဲဖြတ်သူတွေ အားလုံးမှားနေပြီဆိုတာကိုလည်း သူ သက်သေပြနေခဲ့၊ ပြနေဆဲပါ။
top of page
bottom of page