top of page
  • Facebook
  • YouTube

Add a Title

အာရှမှာစံချိန်သစ်တင်ပြလိုက်တဲ့ ဆွန်ဟောင်မင်




ပြီးခဲ့တဲ့ရာသီမှာ စပါးအတွက် လိဂ်ဂိုး ၂၃ ဂိုးအထိသွင်းပြီး ဆာလာနဲ့အတူ ရွှေဖိနပ်ဆုကို ရရှိခဲ့တဲ့ ဆွန်ဟောင်မင်က ဒီလိုစွမ်းဆောင်နိုင်တဲ့ ပထမဆုံးအာရှသားလည်းဖြစ်ခဲ့ပြီးသားပါ။ ဒါပေမယ့် တနှစ်တာအကောင်းဆုံးအသင်း၊ အကောင်းဆုံးကစားသမားဆုတွေအတွက် သူ့ကို လျစ်လျူရှုခဲ့လို့ ပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့ရပြီး အားလုံးက သူ့ဘက်ကနေ နာကျင်ခံစားပေးခဲ့ရပါတယ်။ အခုတော့ ဒါတွေအားလုံးကို ဆွန်ဟောင်မင် ဖြေသိမ့်နိုင်ခဲ့ပါပြီ။ ဘလွန်းဒီအောဆုရဲ့ ဆန်ခါတင် ၃၀ ဦးစာရင်းမှာ သူ ပါဝင်လာခဲ့တာဖြစ်ပြီး အာရှသားတွေထဲမှာ ဒီလိုမျိုး ပါဝင်မှုက ပထမဆုံးဖြစ်လာခဲ့တာပါ။ ဆွန်ဟောင်မင်ရဲ့ ပြီးခဲ့တဲ့ရာသီ စွမ်းဆောင်မှုကို ပရီးမီးယားလိဂ်က မျက်ကွယ်ပြုခဲ့ပေမယ့် ဘလွန်းဒီအောကတော့ လျစ်လျူရှုမရဘူးဆိုတာကို သဘောပေါက်ခဲ့ပုံပါပဲ။ တောင်ကိုရီးယားသား ဘယ်လောက်ထိ ခြေစွမ်းပြခဲ့လဲဆိုတာက ပရိသတ်တွေပေးတဲ့ ဆန္ဒမဲတွေနဲ့မဟုတ်ဘဲ ကိန်းဂဏန်းတွေနဲ့ သက်သေထူပြထားပြီးသားပါ။ ပြီးတော့ ကမ္ဘာလုံးဆိုင်ရာ ပရိသတ်အားပေးမှုလည်း သိသိသာသာမြင့်တက်ခဲ့တဲ့ ဒီကစားသမားကို ဘယ်လိုမှဖယ်ရှားလို့မရဘူးဆိုတာကိုလည်း ကောင်းကောင်းသဘောပေါက်ပြီးဖြစ်မှာပါ။ အခုတော့ ဆွန်က သူနဲ့ ထိုက်တန်တဲ့ ဂုဏ်ပြုခံရမှုကို ရရှိခဲ့ပါပြီ။ ဆွန်သာ မပါဝင်ခဲ့ဘူးဆိုရင် ဒီ ဘလွန်းဒီအောဆုရွေးချယ်မှုက သေချာပေါက်ကို အငြင်းပွားမှုတွေဖြစ်လာဦးမှာပါ။ ရသင့်သူတွေမရခဲ့၊ မဆွတ်ခူးနိုင်ခဲ့လို့ ပွက်လောရိုက်ခဲ့ဖူးတဲ့ ဒီဆုမှတ်တမ်းမှာ ဆွန်ကြောင့် နောက်ထပ်တကြိမ် စစ်ပွဲတပွဲအလားဖြစ်လာဖို့က သေချာပါတယ်။ အခုတော့ သူ့အရည်အသွေးကို အသိအမှတ်ပြုတာ၊ အမှန်တကယ်ပါဝင်သင့်ပါဝင်ထိုက်လို့ ရွေးချယ်ခဲ့တာအဖြစ် ပရိသတ်တွေကလည်း ကျေနပ်နေခဲ့ကြပါပြီ။ ရွှေဖိနပ်ဆုနဲ့အတူ အိမ်အပြန်ခရီးလမ်းမှာ သူရဲကောင်းလို  ကြိုဆိုခံခဲ့ရတဲ့ ဆွန်၊ ယဉ်ကျေးမှုဝန်ကြီးကပဲ ပေးအပ်လေ့ရှိတဲ့ တောင်ကိုရီးယားရဲ့ အားကစားဆိုင်ရာအမြင့်ဆုံးဆုကို သမ္မတကိုယ်တိုင်က ချီးမြှင့်တာကို ခံခဲ့ရတဲ့ ဆွန်အတွက် နောက်ထပ်ဂုဏ်ယူဖွယ်ရာပါပဲ။ ဆုမရဖို့က သေချာပေမယ့် ဒီလိုအဆင့်မှာတော့ သူ ပါဝင်သင့်တယ်ဆိုတာ အားလုံးကလက်ခံထားပြီးသားပါ။ အခုတော့ အားလုံးမျှော်မှန်းထားသလို ဖြစ်လာခဲ့လို့ ကျေနပ်ရပါတယ်။ ဆွန်ကိုယ်တိုင်လည်း ဒါကို ဂုဏ်ယူနေမှာပါ။ နာမည်ကျော်ကစားသမားတွေ အများကြီးထဲကမှ အယောက် ၃၀ ပဲ ရွေးချယ်ခဲ့တာဖြစ်ပြီး ဒီထဲမှာ သူက တဦးအပါအဝင်ဖြစ်လာတယ်ဆိုတဲ့ အဆင့်ကလည်း နည်းနည်းနောနောအဆင့်တော့မဟုတ်ပါဘူး။ အာရှအတွက်လည်း ဂုဏ်ယူစရာပါပဲ။

bottom of page