"ရာသီအစပိုင်းတုန်းကတော့ အဆင်မပြေခဲ့ဘူး၊ ကျနော်တို့ လိုချင်တဲ့ ပုံစံမျိုးလည်းမဟုတ်ဘူး၊ ဒါပေမယ့် ဘရန်ဖို့ဒ်နဲ့ပွဲအပြီးမှာ ကျနော်တို့ မှန်ကန်တဲ့လမ်းကြောင်းကို ပြောင်းလဲနိုင်ခဲ့တယ်၊ ကျနော်တို့စိတ်ဓာတ်တွေကိုလည်း ပြောင်းလဲနိုင်ခဲ့တယ်၊ အဲဒီနောက်တော့ ကျနော်တို့ လီဗာပူးလ်နဲ့ပွဲမှာ အံ့အားသင့်ဖွယ်လုပ်ပြနိုင်ခဲ့ပြီးတော့ အဲဒါကို ဆက်ထိန်းနိုင်ခဲ့တယ်ဆိုတာကို ခင်ဗျားတို့ မြင်ကြမှာပဲ၊ ပွဲတိုင်းမှာ တိုက်ပွဲဝင်ဖို့ကို ကျနော်တို့က အသင့်ဖြစ်နေခဲ့ပြီ""အဲဒါက မန်ချက်စတာယူနိုက်တက်လားဆိုရင်တော့ မဟုတ်သေးဘူး၊ ကျနော်တို့ ကွင်းကို အသင်းတွေလာကစားချိန်မှာ သူတို့အတွက် ဒီပွဲက လွယ်ကူလွန်းတယ်ကွာဆိုတဲ့ ခံစားချက်မျိုးမရှိနေစေဖို့လိုတယ်၊ အခုတော့ သူတို့တွေ အဲဒီလိုဖြစ်နေကြပြီဆိုတာကို ကျနော်တို့ ခံစားမိတယ်၊ ကျနော်တို့ကွင်းကို လာကစားဖို့ သူတို့ထိတ်လန့်နေကြပါပြီ၊ လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာ ကျနော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ကျနော်ကတော့ ထင်တယ်"ယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က ပြောဆိုခဲ့တာပါ။ ဒီစကားတွေက ယူနိုက်တက်တို့ နိုင်ပွဲတွေပြန်ရပြီး လမ်းကြောင်းမှန်ပေါ် ပြန်တက်လာချိန်မှာ အမှန်တကယ်ခံစားရတာကို ပြောတာဖြစ်ပါလိမ့်မယ်။ ယူနိုက်တက်အတွက် ခြေစွမ်းပြနေတဲ့ အာဂျင်တီးနားနောက်ခံလူပြောသလိုပါပဲ။ လီဗာပူးလ်ကို နိုင်ပွဲရအပြီးမှာ သူတို့က အမှတ်ပေးပွဲတွေ တောက်လျှောက်အနိုင်ရခဲ့ပြီး ခြေစွမ်းပြနေတဲ့ အာဆင်နယ်ကိုလည်း အနိုင်ကစားနိုင်ခဲ့ပါတယ်။တန်ဟက်ဂျ်အားထားရတဲ့ လူစုံတက်စုံစာရင်းနဲ့ဆိုရင် ပြိုင်ဘက်တွေကို ကောင်းကောင်းရင်ဆိုင်နိုင်ခဲ့ပြီး ပေးဂိုးတွေလည်း နည်းခဲ့သလို တိုက်စစ်ပိုင်းကလည်း ဂိုးရဖို့အတွက် သိပ်မပူရတော့ပါဘူး။ ဒီတော့ အိုးထရက်ဖို့ဒ်ကို လာကစားချိန်မှာ အရင်လိုမလွယ်ကူတော့ဘူးဆိုတဲ့အသိတွေ၊ ခံစားချက်တွေက ပြိုင်ဘက်အသင်းတွေဆီမှာ ရှိနေနိုင်တာပါပဲ။ မာတီနက်ဇ်က အသင်းခံစစ်တန်းမှာ ဗာရန်းနဲ့ တွဲဖက်ပြီး ခြေစွမ်းပြနေသူပါ။ ဆာလာ၊ ဂျီးဆပ်တို့လို ကစားသမားတွေကိုလည်း ကောင်းကောင်းခုခံကာကွယ်နိုင်ခဲ့ပါတယ်။ရာသီအစပဲရှိသေးလို့ သူ့ပြောစကားတွေက ပြိုင်ဘက်ပရိသတ်တွေအတွက် လှောင်ပြောင်စရာလည်းဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ယူနိုက်တက်က သူပြောသလိုပဲ အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရတာ အရင်ကထက် ပိုပြီးခက်ခဲသွားပြီဆိုတာကတော့အမှန်တရားတခုပါပဲ။
