နေးရှင်းလိဂ်ပွဲတွေကတော့ အုပ်စုအဆင့်တွေပြီးဆုံးဖို့ တပွဲပဲကျန်ပါတော့တယ်။ ဒီတကြိမ်မှာတော့ အသင်းကြီးတွေ အခြေအနေမကောင်းဘူးဖြစ်နေပါတယ်။ အင်္ဂလန်ဆိုရင် ၅ ပွဲကစားအပြီးမှာ နိုင်ပွဲမရထားဘဲ တန်းပါဆင်းသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့အကြိမ်တွေမှာ
ဆီမီးဖိုင်နယ်အဆင့်ထိ မရောက်ရင်တောင်မှ တန်းမဆင်းခဲ့ရတဲ့ အင်္ဂလန်က ကစားသမားကောင်းတွေ ပိုများလာချိန်မှာမှ ရုပ်ပျက်ဆင်းပျက်ကို ဖြစ်သွားခဲ့တာပါ။ ဆောက်ဂိတ်လည်း တော်တော်လေးဖိအားတွေများနေပါပြီ။ ယူရိုဗိုလ်လုပွဲကစားပြီးနောက်ပိုင်း
အင်္ဂလန်ခြေစွမ်းက သာမန်အဆင့်ပဲရှိပါတော့တယ်။
ပြင်သစ်ဆိုရင်လည်း ခရိုအေးရှားနဲ့ ဒိန်းမတ်ပါတဲ့ အုပ်စုမှာ ဩစတြီးယားကို နိုင်ထားလို့သာ ကံကောင်းနေတာပါ။ နောက်ဆုံးပွဲအခြေအနေကို ကြည့်ရဦးမှာဖြစ်ပြီး သူတို့လည်း အခန့်မသင့်ရင် လိဂ် (အေ) ကနေ တန်းဆင်းရဖို့ရှိနေပါတယ်။ ဒိန်းမတ်နဲ့ ခရိုအေးရှားကတော့
ထင်မှတ်မထားအောင် ခြေစွမ်းက တည်ငြိမ်နေပြီးတော့ အုပ်စုဗိုလ်ဖြစ်ဖို့အတွက် အပြိုင်အဆိုင်ဖြစ်နေပါတယ်။
မနေ့ညက စပိန်က အိမ်ကွင်းမှာပဲ ဆွစ်ဇာလန်ကို ရှုံးခဲ့ပါတယ်။ ဆီမီးဖိုင်နယ်အတွက် မျှော်လင့်ချက်ရှိနေပေမယ့် ပေါ်တူဂီက သရေကစားနိုင်ရုံနဲ့ သူတို့ကို ကျော်ဖြတ်သွားမှာပါ။ စပိန်အတွက်လည်း မလွယ်ပါဘူး။ ဆွစ်ဇာလန်ကိုလည်း နောက်ကလိုက်ကစားခဲ့ရပြီး
အရေးနိမ့်ခဲ့ရတာပါ။ လူး၀စ္စအင်းနရစ်အသင်းက အရင်လိုတောင့်တင်းမှုမရှိတော့ဘဲ မျက်နှာသစ်ကစားသမားတချို့နဲ့ တော်တော်လေးအဆင်မပြေဖြစ်နေပြီး ငြီးငွေ့စရာစပိန်အသင်း ပြန်ဖြစ်လာပါတယ်။
အင်္ဂလန်အုပ်စုမှာ ဟန်ဂေရီက တော်တော်ချီးကျူးရပါမယ်။ ဂျာမနီ၊ အီတလီတို့နဲ့လည်း တအုပ်စုတည်းကျရောက်နေတာတောင်မှ သူတို့က အုပ်စုထိပ်ဆုံးမှာရှိနေတာပါ။ ဂျာမနီကလည်း အင်္ဂလန်နဲ့ ထူးမခြားနားပါပဲ။ ၅ ပွဲကစားအပြီး ၁ ပွဲသာ အနိုင်ရထားပါတယ်။
အီတလီကတော့ ဟန်ဂေရီနဲ့ အပြိုင်ဖြစ်နေပြီး အုပ်စုနောက်ဆုံးပွဲတွေက အဆုံးအဖြတ်ဖြစ်လာမှာပါ။ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံကတော့ သူတို့အုပ်စုမှာ အေးအေးဆေးဆေးပါပဲ။ ဝေးလ်နဲ့ ပိုလန်ကို သူတို့က အပြတ်အသတ်အနိုင်ယူထားပြီး နယ်သာလန်က
ရှုံးပွဲမရှိဘဲ ဦးဆောင်နေခဲ့ပါတယ်။
အဆိုးရွားဆုံးအသင်းတွေကိုပြောပါဆိုရင်တော့ အင်္ဂလန်၊ ဂျာမနီနဲ့ စပိန်တို့ပါပဲ။ နာမည်ကျော်အသင်းတွေ ဒီတကြိမ်တော်တော်ရုန်းကန်နေရပြီး ဆွစ်ဇာလန်၊ ဟန်ဂေရီနဲ့ ဒိန်းမတ်တို့ တိုးတက်လာတာကတော့ တကယ်ချီးကျူးဖို့ကောင်းပါတယ်။
