မန်စီးတီးကတော့ ညက လီဗာပူးလ်ကို ဆာလာရဲ့ တလုံးတည်းသောဂိုးနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒါက ဒီရာသီမှာ သူတို့ရဲ့ ပထမဆုံးရှုံးပွဲလည်းဖြစ်သလို ရှုံးချက်လည်း နာခဲ့ပါတယ်။ အာဆင်နယ်နဲ့ ၄ မှတ်ပြတ်သွားတယ်၊ ဟာလန်းကလည်း ဂိုးပေါက်ပျောက်သွား
တယ်။ ဂွာဒီယိုလာတယောက် မကျေမချမ်းနဲ့ အိမ်ပြန်သွားခဲ့ရတဲ့ ညပါပဲ။ အထူးသဖြင့်တော့ ဟာလန်းပါပဲ။ ဘုန်းမောက်ကလွဲရင် ကျန်တဲ့အသင်းတွေကို ဂိုးသွင်းထားနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းမှာ ဒဏ်ရာပြသနာတွေရှိနေတဲ့ လီဗာပူးလ်နဲ့အတွေ့မှာမှ ဂိုးပေါက်
ပျောက်ခဲ့တာက စဉ်းစားကြည့်ရင် ဒေါသထွက်စရာပါ။
ညက ဟာလန်းက ဖန်တီးမှုလည်းမရ၊ သွင်းဂိုးလည်းမရဖြစ်ခဲ့ပြီး အပိုင်ခေါင်းတိုက်ခွင့်တကြိမ်ကလည်း အယ်လစ်ဆန်ဆီ တည့်တည့်တိုက်မိခဲ့ပါတယ်။ ဗန်ဒိုက်နဲ့ ဂိုမက်ဇ်တို့က ဟာလန်းကို ဘယ်လိုထိန်းရမလဲဆိုတာကို ပြသွားခဲ့ပြီး နော်ဝေသားတယောက်
တော်တော်လေးတိုင်ပတ်နေခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကြီးထွားမှုကို အားကိုးပြီး အတင်းဝင်၊ အတင်းဆွဲလုပ်ခဲ့ပေမယ့် ဟာလန်းက အဲဒီနှစ်ယောက်ကို မကျော်နိုင်ခဲ့ပါဘူး။ လီဗာပူးလ်ပရိသတ်တွေကတော့ ဟာလန်းကို ဘာလို့ထည့်မကန်တာလဲဆိုပြီး မန်စီးတီးကို
လှောင်ပြောင်နေခဲ့ကြပါတယ်။
ဒီဘရိုင်းကို ပုံမှန်ကစားနေကျ ကွင်းလယ်ပိုင်းမှာမဟုတ်ဘဲ ညာခြမ်းကို ပို့ခဲ့တာကလည်း ဂွာဒီယိုလာရဲ့ အမှားပါ။ ဟာလန်းအတွက် ဒီဘရိုင်းက အရင်ပွဲတွေကလောက် အခွင့်အလမ်းတွေမလုပ်ပေးနိုင်ခဲ့သလို ဟာလန်းကိုယ်တိုင်လည်း ရုန်းကန်သွားခဲ့ရပါတယ်။ ဒီတော့
ဟာလန်းက ဒီဘရိုင်းနဲ့ chemistry မိနေရင် ကောင်းတယ်၊ chemistry မမိတော့ရင် ရုန်းကန်ရမယ်ဆိုတဲ့ အနေအထားပါ။ ဒီဘရိုင်းကို အပိုင်ထိန်းထားနိုင်ရင်လည်း ဟာလန်းကို ထိန်းချုပ်ပြီးသားဖြစ်သလိုမျိုး ဖြစ်သွားမှာပါ။ ဒီလိုပုံစံကို နောက်ပွဲတွေမှာ တခြားအသင်းတွေ
လုပ်လာနိုင်ပါတယ်။ ဒါကို ဂွာဒီယိုလာလို နည်းစနစ်ဘုရင်က မသိပဲတော့ မနေပါဘူး။ သူ့ဘက်ကလည်း ပြင်ဆင်လာနိုင်ပါတယ်။
လောလောဆယ်တော့ ဟာလန်းလည်း ပွဲတိုင်းဂိုးမသွင်းနိုင်ဘူးဆိုတာ အားလုံးမြင်ခဲ့ရပါပြီ။ ဟာလန်းလည်း မလန်းနိုင်တော့ပါဘူး။ ဟာလန်းက စက်ရုပ်တရုပ်မဟုတ်ဘူးဆိုတာလည်း ဘွားခနဲပေါ်သွားပါပြီ။ လာမယ့်ပွဲတွေမှာ သူ့ကို ထိန်းချုပ်ကစားဖို့အတွက်
တခြားသောအသင်းတွေလည်း ယုံကြည်ချက်ရှိလာမှာတော့ သေချာပါတယ်။
