လာမယ့် တနင်္ဂနွေနေ့မှာတော့ မန်ချက်စတာဒါဘီပွဲ ဆင်နွှဲတော့မှာပါ။ ဒါက အားလုံးပြောပြောနေကြတဲ့ ဟာလန်းနဲ့ မာတီနက်ဇ်တို့ ထိပ်တိုက်တွေ့မယ့်ပွဲလည်းဖြစ်ပါတယ်။ ဒီရာသီမှာမှ အသင်းသစ်ကိုယ်စီရောက်လာပြီး အကောင်းဆုံးခြေစွမ်းပြနေတဲ့ ကစားသမားနှစ်ယောက်ထိပ်တိုက်တွေ့မှာဖြစ်ပြီး တကယ်စိတ်ဝင်စားဖို့ကောင်းနေတာပါ။
ဟာလန်းခြေစွမ်းပြနေတော့ မာတီနက်ဇ်နဲ့ မတွေ့သေးလို့ပါဆိုပြီး ယူနိုက်တက်ပရိသတ်တွေက ဆိုပါတယ်။ မာတီနက်ဇ်ခြေစွမ်းပြနေတာကလည်း ဟာလန်းနဲ့ မတွေ့သေးပါလို့ တဖက်က ပြန်ပြောပါတယ်။ အခုတော့ ထိပ်တိုက်ဆုံကြပါပြီ။ ဒါပေမယ့် သူတို့နှစ်ယောက်က အခုမှတော့ ဆုံဖူးတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ အေဂျက်ဇ်နဲ့ ဒေါ့မွန်အတွက်ကစားပေးတုန်းက ဆုံဖူးပြီး အဲဒီတုန်းက နှစ်ကျော့စလုံးမှာ ဟာလန်းဂိုးမရခဲ့သလို ဒေါ့မွန်လည်း ရလဒ်အားဖြင်တော့ မကောင်းခဲ့ပါဘူး။
လက်ရှိမှာ ယူနိုက်တက်က အမှတ်ပေးပွဲတွေမှာ ဆက်တိုက်ရလဒ်ကောင်းနေပြီး သူတို့ခံစစ်ပိုင်းက မာတီနက်ဇ်+ဗာရန်းအတွဲက တောင့်တင်းနေပါတယ်။ ဟာလန်းကလည်း မန်စီးတီးအတွက် ဆက်တိုက်ခြေစွမ်းပြနေပြီး လိဂ်ပွဲ ၅ ပွဲဆက်တိုက်ဂိုးသွင်းထားသလို ဒီရာသီ လိဂ်ပွဲ ၇ ပွဲမှာ ၁၁ ဂိုးရထားပြီး ဂိုးမသွင်းနိုင်တာ တပွဲတည်းရှိခဲ့တာပါ။ အီတီဟတ်မှာ ထိပ်တိုက်တွေ့မယ့် ဒီပွဲမှာ အားလုံးက ဟာလန်းနဲ့ မာတီနက်ဇ်တွေ့မှာကို ပိုစိတ်ဝင်စားနေကြပါတယ်။ ဘယ်သူက ဘယ်သူ့ကို အသာစီးရမလဲဆိုတာလည်း အဖြေထွက်လာတော့မှာပါ။
မာတီနက်ဇ်ကလည်း ယူနိုက်တက်မှာ အချိန်ခဏလေးအတွင်း ပရိသတ်အကြိုက်ဆုံးကစားသမားဖြစ်လာသူပါ။ တော်တန်ရုံတိုက်စစ်မှူးဆိုရင် သူ့အိတ်ကပ်ထဲ ကောက်ထည့်ထားတာပါ။ ဟာလန်းနဲ့ နောက်တကြိမ်တွေ့ချိန်မှာ အေဂျက်ဇ်မှာတုန်းကလိုပဲ အိတ်ကပ်ထဲထည့်ထားဦးမလား၊ ဒါမှမဟုတ် ဟာလန်းပြုသမျှနုရတော့မလားဆိုတာ မကြာခင်သိရတော့မှာပါ။ ဘယ်သူမှမရပ်တန့်နိုင်တဲ့ဟာလန်းပဲ အသာရမလား၊ ဘယ်သူမှကျော်မရဘူးဆိုတဲ့ မာတီနက်ဇ်ပဲ အနိုင်ယူမလားဆိုတာ...။
