မန်ချက်စတာယူနိုက်တက်က ဟာလန်းကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃ သန်းပေးပြီး ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ဖူးတယ်ဆိုရင် ယုံပါ့မလား။ မယုံမရှိပါနဲ့၊ တကယ်ဖြစ်ခဲ့တာပါ။ ဆိုးလ်ရှားလက်အောက်မှာ မိုဒီအတွက် ကစားပေးနေရင်း ခြေစွမ်းပြနေတဲ့ ဟာလန်းကိုခေါ်ယူဖို့အတွက် ဆိုးလ်ရှားကိုယ်တိုင်က အသင်းဟောင်းကို ကူညီပေးခဲ့တာပါ။ ကစားသမားရဲ့ အေးဂျင့် Jim Solbakken ကလည်း ယူနိုက်တက်ကိုယ်စားလှယ်တွေနဲ့ စကားပြောဆိုဖို့အတွက် ၂၀၁၈ ဩဂုတ်လလယ်မှာ ဖုန်းချိန်းဆိုမှုလုပ်ခဲ့ပါတယ်။ မနက် ၉ နာရီမှာ ဖုန်းခေါ်ဆိုဖို့အတွက် သဘောတူညီမှုရခဲ့ပြီး ကံဆိုးတာကတော့ ဒေသစံတော်ချိန်အပေါ်မှာ နားလည်မှုလွဲမှားခဲ့တာပါပဲ။ နော်ဝေအချိန် မနက် ၉ နာရီကို ဆက်သွယ်ဖို့ ပြောဆိုခဲ့တာဖြစ်ပြီး ယူနိုက်တက်က ဗြိတိန်စံတော်ချိန် ၉ နာရီလို့ ထင်မှတ်ခဲ့တာပါ။ နော်ဝေနဲ့ ဗြိတိန်ကြားမှာ စံတော်ချိန် ၁ နာရီကွာဟပြီး အမှန်တယ်ဆိုရင် ဗြိတိန်စံတော်ချိန် ၈ နာရီမှာ ဆက်သွယ်ရမှာဖြစ်ပေမယ့် နားလည်မှုလွဲပြီး ၉ နာရီမှာမှ ဆက်သွယ်မိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ဩစတြီးယားကလပ်ဆဲဘာ့ဂျ်က နော်ဝေစံတော်ချိန် ၈ နာရီမှာ ဆက်သွယ်ခဲ့ပြီး ဟာလန်းအတွက် သဘောတူညီမှုရယူသွားနိုင်ခဲ့ပါတော့တယ်။ တကယ်လို့သာ ယူနိုက်တက်က အဲဒီအချိန်တုန်းက တိတိကျကျလုပ်နိုင်ခဲ့မယ်ဆိုရင် ဟာလန်းရဲ့ ကစားသမားဘ၀ကလည်း လက်ရှိဖြစ်ပျက်နေတာတွေနဲ့ အများကြီးကွဲပြားသွားနိုင်ပါတယ်။ သူ့အတွက်တော့ ကံကောင်းတယ်ပဲပြောရမလား၊ အမှားကောင်းလို့ပဲ ဆိုရပါမလားပဲ။ ဟာလန်းက အခုတော့ အောင်မြင်ကျော်ကြားတဲ့ ကစားသမားတဦးအဖြစ် ရပ်တည်နေနိုင်ခဲ့ပြီဖြစ်ပါတယ်။
