ဟာလန်းကို ထိန်းချုပ်ဖို့အတွက် ပရီးမီးယားလိဂ်နည်းပြတွေ စုပေါင်းပြီး အဖြေရှာဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ပေါက်ကြားလာခဲ့ပါတယ်။ နာမည်မဖော်ပြထားတဲ့ နည်းပြတဦးက ဖွင့်ဟခဲ့တာဖြစ်ပြီး မန်စိးတီးတိုက်စစ်မှူးကို ထိန်းချုပ်ဖို့အတွက် နည်းပြတဦးချင်းစီရဲ့ အမြင်နဲ့ သုံးသပ်မှုတွေကို စုပေါင်းပြီးတော့ အကောင်းဆုံးဖြေရှင်းနည်းကို ရရှိဖို့ ကြိုးစားနေတယ်ဆိုတာပါ။ နည်းပြတွေကြားမှာ ဟာလန်းက ဂြိုလ်သားတဦးလိုဖြစ်နေတယ်လို့လည်းသိရပြီး နော်ဝေသားကို ဟန့်တားနိုင်ဖို့အတွက် တော်တော်လေးခေါင်းစားနေ ကြပုံရပါတယ်။ ဟာလန်းကလည်း ဒီရာသီမှာ မန်စီးတီးအတွက် ၄ပွဲပဲကစားပြီးချိန် ၆ ဂိုးသွင်းထားပါတယ်။ ဟက်ထရစ်တကြိမ်ပါပြီး သူ့ရဲ့ တိုက်စစ်ပိုင်းမှာ အကျိုးသက်ရောက်မှုအားက ကြီးမားလွန်းပါတယ်။ ဒီဘရိုင်း၊ ဂန်ဒိုဂို၊ ဘာနာဒိုတို့လို ဖန်တီးနိုင်စွမ်းမြင့်မားတဲ့သူတွေ၊ ဖိုဒန်လို ဧရိယာထဲဖြတ်တင်ပေးနိုင်သူတွေဝန်းရံထားတဲ့နောက် ဟာလန်းအတွက် ဂိုးတွေရဖို့ဆိုတာက သိပ်အခက်ကြီးမဖြစ်နေခဲ့ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ကြီးမားမှု၊ သန်မာမှုနဲ့ လျင်မြန်မှုတွေကို ပေါင်းစပ်လိုက်ချိန်မှာ ပြိုင်ဘက်ခံစစ်မှူးတွေထိန်းချုပ်ဖို့မလွယ်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ နဂိုကတည်းက ဟာလန်းက ပင်ကိုယ်စွမ်းရည်ကောင်းတဲ့ ကစားသမားပါ။ သူ့ကို ပံ့ပိုးပေးမယ့်သူတွေ အများကြီးရှိတဲ့ ပတ်ဝန်းကျင်မှာ ကစားရချိန် နည်းပြတွေ အခုလိုတွေပါ ခေါင်းချင်းဆိုင်ရတဲ့အထိဖြစ်ကုန်တော့တာပါပဲ။ ကျနော့်အထင်တော့ ပဲလေ့စ်နဲ့ပွဲမှာ ပဲလေ့စ်နောက်ခံလူတွေကြားထဲ တိုးဝင်ပြီး ဂိုးမရရအောင်သွင်းခဲ့တဲ့ ပုံစံကို ပရီးမီးယားလိဂ်နည်းပြတွေ နည်းနည်းတော့စိုးရိမ်သွားပုံပါပဲ။ ဟာလန်းက အဲဒီလိုပုံစံမျိုးတွေနဲ့ ဂိုးယူနေကြပါ။ သူ့ရဲ့ ခန္ဓာကိုယ်အားသာချက်ကို ကောင်းကောင်းအသုံးချနိုင်ပြီးတော့ ဂိုးရအောင် ယူနိုင်တယ်၊ လျင်မြန်မှုနဲ့လည်း အခွင့်အရေးယူနိုင်တယ်၊ ဧရိယာထဲက ဘယ်လိုနေရာကမဆိုလည်း ဂိုးသွင်းနိုင်ပါတယ်။ နည်းပြတွေ ပေါင်းစုပြီး အဖြေထုတ်တာက ဘယ်လိုရလဒ်ထွက်လာမလဲတော့မသိပါဘူး။ ဟာလန်းအတွက်တော့ ဒီလိုသတင်းထွက်လာတာနဲ့တင် ကျေနပ်စရာကောင်းနေပါပြီ။ ပြိုင်ဘက်တွေက သူ့ကိုရှိန်နေတယ်ဆိုတဲ့အနေအထားမျိုးက ကိုယ့်ကိုကိုယ်ယုံကြည်မှု ပိုဖြစ်စေပါတယ်။ ယုံကြည်မှုလွန်ကဲတာမျိုးမဟုတ်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဟာလန်းက အဲဒီလိုကစားသမားမျိုးတော့မဟုတ်ပါဘူး။ အေးအေေးဆေးဆေးနဲ့ သူ့အလုပ်သူ လုပ်နေမယ့် ကစားသမားမျိုးပါ။ ဒီသတင်းက သူ့အတွက် စိတ်ကျေနပ်စရာ ဖြစ်နေမှာတော့ သေချာပါတယ်။
top of page
bottom of page