
ဆွစ်ဇာလန်ကို ၂ ဂိုးသွင်းအပြီးမှာ ရော်နယ်ဒိုရဲ့ နိုင်ငံတကာသွင်းဂိုးက ၁၁၇ ဂိုးအထိ ဖြစ်လာခဲ့တယ်။ ဒါက လက်ရှိကစားနေဆဲကစားသမားတွေထဲက သူ့ကိုလိုက်မီဖို့ အနီးစပ်ဆုံးဖြစ်နေတဲ့ မက်ဆီနဲ့တောင် ၃၁ ဂိုးအထိ ကွာဟနေမှုဖြစ်ပါတယ်။ ဒီတော့ ရော်နယ်ဒိုရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီဖို့ဆိုတာက နောက်ဆယ်စုနှစ်ပေါင်းများစွာအထိ ကြာမြင့်လာနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရော်နယ်ဒိုက ပင်နယ်တီမပါဝင်ဘဲ နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်အောင်သွင်းနိုင်တဲ့ ပထမဆုံးကစားသမားပါဖြစ်လာပါတယ်။ ဒီစံချိန်ကိုလည်း လိုက်မီဖို့က မလွယ်ကူတော့ပါဘူး။
အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးက စံချိန်မှတ်တမ်းတွေကိုဆိုရင် သေးသေးလေးပဲဖြစ်ဖြစ်၊ အကြီးကြီးပဲဖြစ်ဖြစ် ရယူနေခဲ့တာပါ။ မြောက်မြားလှစွာသော စံချိန်မှတ်တမ်းတွေကို သူတောင် မှတ်မိမယ်မထင်ပါဘူး။ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ မှတ်တမ်းတွေကို ကျော်ဖြတ်ပြတယ်၊ ဘယ်ကစားသမားမှ မရဖူးတဲ့ မှတ်တမ်းမျိုးကို ရေးထိုးပြတယ်။ ရော်နယ်ဒိုရဲ့ စွမ်းဆောင်နိုင်စွမ်းကတော့ တကယ်အံ့မခန်းပါပဲ။ ဒီအသက်အရွယ်ရောက်နေတဲ့ အချိန်အထိကို စံချိန်မှတ်တမ်းတွေက သူ့ဆီကနေ ပြေးမလွတ်သေးပါဘူ။ သူ ပြောဖူးတဲ့ စကားတခွန်းရှိပါတယ်။
"ကျနော်က စံချိန်မှတ်တမ်းတွေနောက်ကို မလိုက်ပေမယ့် စံချိန်မှတ်တမ်းတွေက ကျနော့်နောက်ကိုလိုက်နေတာ" တဲ့။ ဒါက တကယ်မှန်တဲ့စကားပါ။ အခု ပင်နယ်တီမပါဝင်တဲ့ နိုင်ငံတကာသွင်းဂိုး ၁၀၀ ဆိုတဲ့ မှတ်တမ်းက သူ့နောက်ကို ဆိုက်ဆိုက်မြိုက်မြိုက်လိုက်
လာခဲ့တာပါ။ ဒီလူကတော့ သူ အနားယူတော့မှပဲ စံချိန်မှတ်တမ်းတွေဆီကနေ ပြေးလွတ်နိုင်တော့မယ်ထင်ပါရဲ့ဗျာ။