အင်တာနဲ့ ၃ ဂိုးစီသရေကျအပြီးမှာ ဘာစီလိုနာရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်က တက်နိုင်ဖို့ မျှော်လင့်ချက်က ကုန်သလောက်ဖြစ်သွားပါပြီ။ ပွဲစဉ် ၅ မှာ အင်တာကသာ ပလာဇန်ကို အနိုင်ရသွားမယ်ဆိုရင် သူတို့က လက်ကျန်တပွဲအလိုမှာတင် ယူရိုပါလိဂ်ကိုဆင်းကန်ခွင့်လက်မှတ်ကို ရသွားဖို့ရှိနေပါတယ်။ ဒါတောင် သူတို့က ဘိုင်ယန်ကို အနိုင်ရဦးမှာနော်။ ဘိုင်ယန်ကို အနိုင်ရဖို့ဆိုတာကလည်း အားလုံးသိထားတဲ့အတိုင်းပါပဲ။ ဆိုလိုတာကတော့ ဘာကာက ကိုယ့်ကြမ္မာကိုယ်လည်းဖန်တီးရမယ်၊ သူများအသင်းရလဒ်ကိုလည်း စောင့်ကြည့်ရဦးမယ်ဆိုတာပါ။ဘိုင်ယန်နဲ့တွေ့ရမယ့်ပွဲကလည်း ခပ်လန့်လန့်ပါ။ သိတဲ့အတိုင်း ဘိုင်ယန်အတွက် ဘာကာဆိုတာက ငယ်နိုင်အသင်းလိုဖြစ်နေတာကြာပါပြီ။ သောမတ်စ်မူလာကလည်း သူအရမ်းအနိုင်လိုချင်တဲ့ အသင်းကို သူ့လက်နဲ့ ကိုယ်တိုင်ကိုယ်ကျ ယူရိုပါလိဂ်ဆီ လိုက်ပို့ဖို့လီဗာပုတ်နေလောက်ပါပြီ။ ဇာဗီအတွက်တော့ ချန်ပီယံလိဂ်က သူနဲ့ ကံမစပ်သေးဘူးဆိုတာကို ကောင်းကောင်းသဘောပေါက်သွားလောက်ပါပြီ။ ဒါကြောင့်လည်း ပွဲအပြီးမှာ သူ့အသင်းက ချန်ပီယံလိဂ်မှာကစားခွင့်ရဖို့ မထိုက်တန်ဘူးလို့ ပြောခဲ့တာပါ။ ကစားသာမးသစ်တွေကို ပေါင်သန်း ၁၅၀ ကျော်အသုံးပြုခေါ်ခဲ့ပေမယ့်လည်း အရာမထင်ခဲ့ပါဘူး။လာလီဂါမှာ သူတို့က ပေးဂိုးတဂိုးတည်းပေးထားရပေမယ့် ချန်ပီယံလိဂ်မှာ ပွဲတိုင်းဂိုးပေးထားရပြီး နိုင်ပွဲကလည်း တပွဲတည်းသာရထားပါတယ်။ ချန်ပီယံလိဂ်နဲ့ ပြည်တွင်းလိဂ်တွေ ကွာဟချက်ဆိုတာ အဲဒါပါပဲ။ ကစားသမားကောင်းတွေရှိတဲ့ ဘာစီလိုနာလိုအသင်းတောင်တိုင်ပတ်နေတာကိုကြည့်ရင် ဒီပြိုင်ပွဲက ဘယ်လောက်ထိ ပြင်းထန်တယ်၊အကြိတ်အနယ်ရှိလဲဆိုတာကို တွေ့ရမှာပါ။ ညက အင်တာနဲ့ ၃ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာလည်း လီဝန်ဒေါစကီးရဲ့ ခေါင်းတိုက်ဂိုးသာမရခဲ့ရင် သူတို့က ယူရိုပါလိဂ်မှာ စာရင်းပေါက်ပြီးသားဖြစ်သွားမှာပါ။အခုတော့ မျှော်လင့်ချက်ယဲ့ယဲ့လေးရှိနေပါသေးတယ်။ ဒါပေမယ့် တဖက်မှာ မူလာကလည်း သူတို့ကို လိုက်ပို့ဖို့အသင့်ဆိုတော့ကာ....။
