လီဗာပူးလ်ကို အနိုင်ရခဲ့တာက ယူနိုက်တက်အတွက်တော့ တကယ်ကိုထိုက်တန်တဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။ ဘရိုက်တန်နဲ့ ဘရန်ဖို့ဒ်ကို ဆက်တိုက်ရှုံးထားတဲ့ ယူနိုက်တက်က လီဗာပူးလ်နဲ့ပွဲမှာတော့ အသွင်သဏ္ဍာန်ပြောင်းလဲသွားခဲ့ပြီး တန်ဟက်ဂျ်လိုချင်တဲ့ပုံစံကို ကစားသမားတွေ ရအောင်ကစားသွားနိုင်ခဲ့ပြီး နိုင်ပွဲပါယူပေးခဲ့တာပါ။ ဒီပွဲက တန်ဟက်ဂျ်အတွက်၊ ယူနိုက်တက်အတွက် ရှိသမျှပုံအောပြီး ကစားခဲ့ရတဲ့ပွဲဆိုရင်လည်း မမှားပါဘူး။
၂ပွဲဆက်ရှုံးထားတယ်၊ ဝေဖန်သံတွေက ပလုံစီနေတယ်။ တဖက်မှာလည်း လီဗာပူးလ်က သူတို့ထက်သာလွန်ကောင်းမွန်တယ်လို့ သတ်မှတ်ခံထားရတဲ့အသင်းပါ။ ဒီပွဲကို ယူနိုက်တက်မနိုင်လောက်ဘူးဆိုတာ သူတို့ပရိသတ်တွေကတောင် ပြောနေခဲ့တာပါ၊ တကယ်ကစားချိန်မှာတော့ ယူနိုက်တက်ကစားပုံက အားရစရာကောင်းခဲ့ပြီး ခံစစ်ပိုင်းကလည်း မက်ဂွိုင်းယားမပါဘဲ ဗာရန်းနဲ့မာတီနက်ဇ်အတွဲအဖက်ကြောင့် ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်တိုက်စစ်ကို ယူနိုက်တက်ခံစစ်တန်းက ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပြီး ဂိုးပေးရနိုင်တဲ့ အခြေအနေတွေအားလုံးကို ဟန့်တားနိုင်ခဲ့ပါတယ်။
မာတီနက်ဇ်၊ ဗာရန်း၊ မာလာစီယာတို့ကတော့ ပရိသတ်အကြိုက်ကစားသမားတွေဖြစ်ခဲ့ပါတယ်။ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့က အခွင့်အရေးတွေရလာချိန်မှာ အသုံးချနိုင်ခဲ့ပြီး ဦးဆောင်ဂိုးတွေ သွင်းပေးခဲ့တယ်။ ဒါတောင် အပိုင်အခွင့်အရေးနှစ်ကြိမ်လောက်ကို သူတို့လက်လွှတ်ခဲ့ရသေးတာပါ။ ဆာလာက လီဗာပူးလ်အတွက် ချေပဂိုးပြန်သွင်းခဲ့ပေမယ့် ယူနိုက်တက်က ပွဲကို ထိန်းချုပ်ခဲ့ပြီးသားဖြစ်လို့ သိပ်တော့ အရာမရောက်ခဲ့တော့ပါဘူး။ တပွဲလုံးကို ခြုံကြည့်ရင် ယူနိုက်တက်က ပိုကောင်းခဲ့တယ်ထင်ပါတယ်။ ခံစစ်ပိုင်းက အပြစ်ဆိုစရာမရှိခဲ့သလို အသင်းကစားကွက်၊ တဦးချင်းခြေစွမ်းအရလည်း နိုင်ပွဲရဖို့ လုံလောက်ခဲ့ပါတယ်။
လီဗာပူးလ်အတွက်တော့ ၃ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တာ စိတ်ပျက်စရာပါပဲ။ နိုင်ပွဲရဖို့အတွက် နှစ်သင်းစလုံးအရေးကြီးချိန်မှာ ရှုံးနိမ့်ခဲ့တာက ပိုပြီးတော့ ဆိုးပါတယ်။ ကလော့ပ်အတွက်တော့ ပွဲကြီးပွဲကောင်းတွေမှာ မာနေးမရှိတဲ့ဒဏ်ကို ကြုံတွေ့လိုက်ရတာပါ။
နူနက်ဇ်ကလည်းမပါနိုင်၊ သီယာဂိုကလည်း ဒဏ်ရာရနေတဲ့အချိန်မှာ သူတို့ကို ကယ်တင်ပေးနိုင်မယ့်သူမရှိခဲ့ပါဘူး။ ဆာလာကိုလည်း တပွဲလုံးလှုပ်မရအောင် ယူနိက်တက်က ကောင်းကောင်းစီမံထားနိုင်ခဲ့တာလည်းပါပါတယ်။ ယူနိုက်တက်အတွက်တော့ ဒီနိုင်ပွဲက
တကယ်ထီုက်တန်ခဲ့ပါတယ်။