မနေ့ညက အလွဲတွေအကြောင်းကတော့ တော်တော်လေးဆိုးပါတယ်။ အထူးသဖြင့် ပရိသတ်တယောက်အနေနဲ့ဆိုရင် ကိုယ်သံယောဇဉ်ဖြစ်ရတဲ့ အသင်းတသင်း၊ ကစားသမားတယောက် ဒီလိုတွေဖြစ်တာကို မြင်လိုက်ရတာက တကယ်ကို စိတ်ထိခိုက်ရပါတယ်။ အံ့အားသင့်ဖို့ကောင်းလောက်အောင်ကို လွဲချော်မှုတွေ၊ ဆိုးရွားမှုတွေဖြစ်ခဲ့တာပါ။ ပထမတခုကတော့ ဒေါ့မွန်ပွဲပါ။ မာကိုရူးစ်ရဲ့ ဖန်တီးမှုနှစ်ကြိမ်နဲ့အတူ ဒေါ့မွန်က ဂျူလီယန်ဘရန့်၊ ဂွာရဲရိုးတို့ရဲ့ ဂိုးတွေနဲ့ တန်းတက်ဝါဒါဘရီမင်ကို ဦးဆောင်နေခဲ့ပါတယ်။ ၈၈ မိနစ်အထိ သူတို့က ဦးဆောင်နေတာဖြစ်ပြီး သေချာပေါက်နိုင်ပွဲရပြီလို့တောင် တွက်လို့ရပါတယ်။ စဉ်းစားကြည့်ပါ။ အိမ်ကွင်းမှာ ကစားရတယ်၊ တဖက်က တန်းတက်အသင်း၊ ၂ဂိုးအသာနဲ့ ဦးဆောင်ထားတာက ၈၈ မိနစ်အထိ။ အဲဒိပွဲကို ဒေါ့မွန်ရှုံးမယ်လို့ သိကြားမင်းတောင်မှ ပြောဝံ့မယ်မထင်ပါဘူး။ ဒါပေမယ့် သူတို့ရှုံးခဲ့ပါတယ်။ ဝါဒါဘရီမင်က ၈၉ မိနစ်မှာ ပထမချေပဂိုး၊ နာကျင်အချိန်ပို ၃ မိနစ်မှာ ဒုတိယချေပဂိုး၊ နာကျင်အချိန်ပို ၅ မိနစ်မှာ အနိုင်ဂိုးတွေ ဆက်တိုက်သွင်းသွားတာပါ။ ၂မိနစ် ၁ဂိုးနှုန်းနဲ့ ၆ မိနစ်အတွင်း ၃ ဂိုးသွင်းပြီး အဝေးကွင်းမှာ အံ့မခန်းနိုင်ပွဲကို သူတို့ယူသွားခဲ့ပါတယ်။ ဒေ့ါမွန်တကွင်းလုံး ကြက်သေသေပြီး ဘာမှတောင်မပြောနိုင်ခဲ့ဘူးဆိုတာ သေချာပါတယ်။ တော်တော်လေးကို ဆိုးရွားတဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပြီး ဝါဒါဘရီမင်အတွက်တော့ ဒါက အံ့ဖွယ်သရဲစွမ်းဆာင်မှုဖြစ်ခဲ့တာပါ။ ဒုတိယတခုကတော့ ဟာဇက်အကြောင်းပါ။ မနေ့က ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ရီးရဲလ်တို့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ဟာဇက်က ထုံးစံအတိုင်းလူစားလဲဝင်ရောက်လာခဲ့ပါတယ်။ ၁-၄ နဲ့ ရီးရဲလ်တို့ အနိုင်ရနေခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာ ပင်နယ်တီထပ်ရပါတယ်။ တကယ်ဆိုရင် ဘန်ဇီမာကွင်းထဲမှာရှိနေသေးလို့ သူကန်သွင်းရမှာ ဖြစ်ပမေယ့် အသင်းဖော်ဟာဇက်ကို ပြင်သစ်တိုက်စစ်မှူးက ပေးကန်ခဲ့ပါတယ်။ ဟာဇက်အတွက် ဒါက ယုံကြည်မှုတည်ဆောက်နိုင်မယ့် အခွင့်အရေးကိုရခဲ့ပါတယ်။ ဒါပေမယ့် ဒီပင်နယ်တီကို ဟာဇက်လွဲခဲ့ပါတယ်။ ဂိုးသမားညာဘက်ထောင့်ကို ကန်သွင်းခဲ့ရာမှာ ဆယ်လ်တာဂိုးသမားက ပုတ်ထုတ်ခဲ့ပြီး ပြန်အံထွက်လာတာကို ဘန်ဇီမာပိတ်သွင်းပေမယ့် ထပ်ပြီးဖျက်ထုတ်ခံခဲ့ရပါတယ်။ ဘယ်လ်ဂျီယံသားအတွက်တော့ တော်တော်လေးစိတ်ပျက်စရာကောင်းခဲ့ပြီး စိတ်ဓာတ်ပိုင်းပါ ပိုထိခိုက်စေမယ့် အနေအထားပါ။ ဒီလိုပုံစံနဲ့ သူ့ကစားသမားဘ၀ကို ပြန်တည့်မတ်ဖို့ဆိုတာက မလွယ်တော့ပါဘူး။ ဟာဇက်တယောက် ကစားသမားဘ၀ကို နောက်ဆုံးသောကာလတွေမှာ အဆိုးဝါးဆုံးကျော်ဖြတ်ပြီး အနားသွားရမယ့်ပုံစံတောင်ဖြစ်လာနိုင်ပါတယ်။
top of page
bottom of page