ပရီးမီးယားလိဂ်အဖွင့်ပွဲ ၂ပွဲကန်အပြီးမှာ မာတီနက်ဇ်က တော်တော်ဝေဖန်ခံခဲ့ရတာပါ။ သူ့အရပ်အမောင်းက ဗဟိုခံစစ်မှူးတဦးမှာ ရှိသင့်တဲ့ အနေအထားမျိုးမရှိတာကို အားနည်းချက်လို့ သတ်မှတ်ပြီး အသင်းတွေက သူ့ကို ပစ်မှတ်ထားကစားခဲ့တယ်လို့ ဝေဖန်သုံးသပ်သူတွေက ပြောခဲ့ကြပါတယ်။ ဒါပေမယ့် လီဗာပူးလ်၊ ဆောက်သမ်တန်တို့နဲ့ပွဲတွေမှာ သူ ခြေစွမ်းပြခဲ့ပြီး အကောင်းဆုံးကစားသမားဆုကိုပါ နှစ်ပွဲစလုံးရခဲ့ပါတယ်။ သူ့ကို ချီးကျူးသံတွေ ပြန်ထွက်လာခဲ့ပြီး အထူးသဖြင့်တော့ ယူနိုက်တက်ပ ရိသတ်တွေက သူတို့ကစားသမားရဲ့ ကစားဟန်ကို တော်တော်လေးအမွှမ်းတင်ခဲ့ကြတာပါ။ အင်္ဂလန်က ဝေဖန်ရေးဆရာကြီးတွေဖြစ်တဲ့ ကာရေဂါ၊ ဂျင်မီရက်နပ်တို့က မာတီနက်ဇ်ကို အရင်ဆုံးဝေဖန်ခဲ့သူတွေပါ။ ဒါပေမယ့် ခြေစွမ်းပြနေချိန်မှာတော့ ချီးကျူးတာမျိုး သူတို့ဆီမှာ မတွေ့ရသေးပါဘူး။ အခုလည်း နောက်ထပ်အင်္ဂလန်သားဝေဖန်သုံးသပ်သူ အဘွန်လဟော်က မာတီနက်ဇ်ခြေစွမ်းပြနေလည်း သူ အထင်မကြီးသေးဘူးဆိုတာကို ထပ်ပြောခဲ့ပြန်ပါပြီ။ ဆောက်သမ်တန်နဲ့ပွဲမှာ မာတီနက်ဇ်ကို စိန့်တိုက်စစ်မှူးချီအဒမ်က ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့တယ်လို့ သူက ယူဆခဲ့ပြီး ဟာလန်း၊ ဒါဝင်နူနက်ဇ်တို့နဲ့ ရင်ဆိုင်ရချိန်မှာ မာတီနက်ဇ် ဒုက္ခရောက်လိမ့်မယ်လို့ သူက ပြောခဲ့တာပါ။ "ကွင်းပေါ်မှာပဲ ကစားနေတဲ့အချိန်၊ ဘောလုံးရထားတဲ့အချိန်တွေဆိုရင်တော့ မာတီနက်ဇ်က အဆင်ပြေနေပါတယ်၊ ဒါပေမယ့် ဆောက်သမ်တန်နဲ့ပွဲမှာဆို လေထဲမှာ ချီအဒမ်စ်က သူ့ထက်တောင်မှ ပိုကောင်းခဲ့သေးတယ်၊ မာတီနက်ဇ်ကို သူ လှည့်ထွက်နိုင်ခဲ့တာတွေလုပ်ပြနိုင်ခဲ့တယ်၊ ကျနော်ကတော့ ဒါဝင်နူနက်ဇ်၊ ဟာလန်းတို့လို ရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့သူတွေနဲ့ မာတီနက်ဇ်ရင်ဆိုင်ရင် ဘယ်လိုနေမလဲဆိုတာကို တွေးနေတာ" "သူ ဒုက္ခတွေ့နေမယ်လို့ ထင်တယ်၊ ဗာရန်းဆီကနေ သူ အကူအညီလိုအပ်တာ ဒါမှမဟုတ် မက်ဂွိုင်းယားဝင်လာပြီးတော့ ၃ ယောက်တန်းခံစစ်ကစားရတာတွေပါ ဖြစ်လာနိုင်တယ်၊ ကျနော်သာ ကစားနေသေးတယ်ဆိုရင် မာတီနက်ဇ်ကိုပဲ ပစ်မှတ်ထားပြီးတော့ ကစားဦးမှာ" လို့ အဘွန်လဟော်က ပြောခဲ့ပါတယ်။ ပြန်ကြည့်မယ်ဆိုရင် မာတီနက်ဇ်က လက်ရှိပရီးမီးယားလိဂ်ဗဟိုခံစစ်မှူးတွေထဲမှာ အရပ်အပုဆုံးဖြစ်ပေမယ့် အမြင့်ဘောလုယူနိုင်စွမ်းမှာတော့ ထိပ်ဆုံးကနေရှိနေတာပါ။ သူ့ထက်အရပ်မြင့်တဲ့ နာမည်ကျော်ဗဟိုခံစစ်မှူးတွေထက်တောင် အချက်အလက်အားဖြင့် ပိုကောင်းနေတာပါ။ အဘွန်လဟော်ကတော့ ဘာပဲဖြစ်ဖြစ် အထင်မကြီးဘူးဆိုတဲ့ပုံစံဖြစ်နေတုန်းပါပဲ။ သူပြောတာမှန်လား၊ မှားလားဆိုတာကိုတော့ လာမယ့်ပွဲတွေမှာ ကြည့်ရမှာပါပဲ။
top of page
bottom of page