top of page
  • Facebook
  • YouTube

Add a Title

​မေးခွန်းထုတ်စရာ ဖြစ်လာတဲ့ ​ရော်နယ်ဒိုရဲ့ မရင့်ကျက်မှု

စပါးနဲ့ပွဲမပြီးခင်မှာ ကွင်းထဲကထွက်သွားတဲ့ ရော်နယ်ဒိုရဲ့ လုပ်ရပ်က မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ ဒီပုံစံကို ရာသီကြိုခြေစမ်းပွဲတုန်းကလည်း သူ လုပ်ဖူးပါတယ်။ အခုတခေါက်ပါ ထပ်လုပ်တယ်ဆိုတာကတော့ တော်တော်လေးလွန်သွားပါပြီ။ လူငယ်ကစားသမားတွေရှိတယ်၊ကွင်းထဲမှာ တက်တက်ကြွကြွကစားနေတဲ့ အသင်းဖော်တွေ၊ ပရိသတ်ပေါင်း ၈ သောင်းကျော်ရှေ့မှာ နည်းပြကိုပါ မလေးမစားလုပ်သွားတဲ့ ဒီလုပ်ရပ်က ဘယ်လိုမှလက်ခံနိုင်စရာမရှိပါဘူး။တန်ဟက်ဂျ်ကတော့ ဒီနေ့မှာ ရော်နယ်ဒိုနဲ့ ဒါကို တွေ့ဆုံဖြေရှင်းမယ်လို့ ပြောသွားတယ်။ သူ့အတွက်လည်း ဒါက သည်းခံနိုင်စရာအတိုင်းအတာကုန်သွားပါပြီ။ ရော်နယ်ဒိုက ပွဲကစားခွင့်မရလို့ ဒေါသထွက်တာကို နားလည်ပေးလို့ရပေမယ့် ဒီလိုလုပ်ရပ်ကတော့ဒါ အသင်းတွင်းမှာပါ ပြိုကွဲစေမယ့် အက်ကြောင်းဖြစ်လာနိုင်ပါတယ်။ ကလေးကလားဆန်လွန်းပြီး မရင့်ကျက်လွန်းတဲ့ လူတယောက်ပုံစံဖြစ်သွားပါတယ်။ သူလိုကစားသမားက ဒီလိုလုပ်ရပ်မျိုးလုပ်တယ်ဆိုတာ နားကိုမလည်နိုင်အောင်ပါပဲ။နောက်ထပ် မိနစ်နည်းနည်းလေး ထပ်နေလိုက်ရလို့ ဘာမှမဖြစ်သွားပါဘူး။ ဘာမှလည်း ထူးထူးခြားခြားပြောင်းလဲသွားမှာမဟုတ်ပါဘူး။ သူ့ မကျေနပ်ချက်ကို အရန်ခုံတန်းမှာ ထိုင်နေတုန်း မျက်နှာအမူအယာမသာယာတာ၊ စိတ်ပျက်နေတာတွေနဲ့ ဖော်ပြလို့လည်းရပါတယ်။ အခု လူပေါင်းများစွာရှေ့မှာ လုပ်သွားတာက အသင်းကိုရော၊ နည်းပြကိုပါ စော်ကားသလိုတောင် ဖြစ်သွားပါတယ်။ ပြီးတော့ ပထမဆုံးအကြိမ်လည်းမဟုတ်ပါဘူး။သူ့ဆီကနေ ဒီထက်မက ရင့်ကျက်မှုတွေကို မြင်ခဲ့ရမယ်ဆိုရင် ပရိသတ်တွေက ပိုအားပေးဦးမှာပါ။ အခုတော့ ယူနိုက်တက်ပရိသတ်တွေကပါ ရော်နယ်ဒိုကို ဝေဖန်နေကြပါပြီ။ မလုပ်သင့်မလုပ်ထိုက်တဲ့ အပြုအမူလို့လည်း ပြောဆိုနေကြပြီး သူ့အပေါ် တော်တော်လေးစိတ်ပျက်နေကြပါပြီ။ ရော်နယ်ဒိုအနေနဲ့ အသင်းအကျိုးကို ရှေးရှုတယ်ဆိုရင်တော့ သူ ပါဝင်တဲ့အသင်း၊ မပါဝင်တဲ့ အသင်းမှာ ဘယ်အသင်းပိုကောင်းလဲဆိုတာကို သေချာသိပြီး နားလည်ပေးနိုင်ရမှာပါ။ ရလဒ်မကောင်းရင် ခေါင်းခံရမယ့် နည်းပြကတော့ သူ တယောက်တည်းအတွက်နဲ့တသင်းလုံးကို စတေးပစ်မှာမဟုတ်ပါဘူး။ ဒီကိစ္စမှာ ရော်နယ်ဒို အမှားကြီးမှားခဲ့ပါတယ်။ 

bottom of page