top of page
  • Facebook
  • YouTube

Add a Title

မက်ဆီအိပ်မက်မက်ခွင့်မရှိတော့တဲ့ ဘလွန်းဒီအော




မက်ဆီက ဘလွန်းဒီအောဆုကို ၇ ကြိမ်အထိ စံချိန်တင်ရရှိထားတာပါ။ ၂၀၀၆ ကစပြီး ပြီးခဲ့တဲ့နှစ်အထိ ဆန်ခါတင်စာရင်းမှာလည်း နှစ်တိုင်းပါဝင်ခဲ့သူပါ။ ဒါပေမယ့် အခုတော့ ဒီနှစ်အတွက် သူ ဆန်ခါတင် ၃၀ ဦးစာရင်းမှာတောင် မပါလာတော့ပါဘူး။ ဒီဆုကို မရယူနိုင်တာက မက်ဆီအတွက် သိပ်ပြီးဝမ်းနည်းစရာမရှိပေမယ့် ဆန်ခါတင်စာရင်းမှာ မပါဝင်ခဲ့တာကတော့ ဂုဏ်သိက္ခာပိုင်းအားဖြင် အနည်းနဲ့အများတော့ ထိခိုက်စေပါတယ်။ ဒီလိုမပါဝင်တာကလည်း ပြီးခဲ့တဲ့ရာသီမှာ ပီအက်စ်ဂျီနဲ့အတူ သူ ခြေစွမ်းမပြနိုင်ခဲ့လို့ဖြစ်ပြီး မပါဝင်ခဲ့တာကလည်း ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။

စောနကပြောသလို ဂုဏ်သိက္ခာအရတော့ သူ ထိခိုက်နိုင်ပြီး ဒီရာသီမှာ အဲဒါကို ပြန်အရယူဖို့တော့ အားထုတ်ရတော့မှာပါ။ ပြီးခဲ့တဲ့ရာသီမှာ ပီအက်စ်ဂျီအတွက် ၁၁ ဂိုးတည်းရခဲ့ပြီး မက်ဆီခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ တော်တော်လေးရုန်းကန်ခဲ့ရတဲ့ ရာသီဖြစ်ပြီး လိဂ်ဂိုး ၁၀ ဂိုးတောင် ပြည့်အောင်မရခဲ့တဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ အဲဒါရဲ့ အကျိုးဆက်ကတော့ သူ့ကို ဒီနှစ်ဘလွန်းဒီအောဆုအတွက် စိုးစဉ်းလေးမျှတောင်မှ အိပ်မက်မက်ခွင့်မရှိစေတော့တာပါပဲ။ အသက် ၃၅ နှစ်အရွယ် အာဂျင်တိုင်းသားအတွက် သူ့ခြေစွမ်းအရ ဒါက ဖြစ်သင့်တယ်လို့ တွေးလို့ရပေမယ့် နည်းနည်းတော့ ရင်ခံစရာဖြစ်နေမှာသေချာပါတယ်။

ပုံမှန်ဆိုရင် ဘလွန်းဒီအောဆုက ဟိုဘက်နှစ်နဲ့ ဒီဘက်နှစ်စွမ်းရည်ကို ခွပေးတဲ့ပုံစံပါ။ ဆိုလိုတာက ၂၀၂၂ အတွက်ဆို ၂၀၂၁ နဲ့ ၂၀၂၂ အတွင်းက စွမ်းရည်တွေကို ကြည့်ပြီးတော့ ပေးတာပါ။ အခုက ပုံစံပြောင်းသွားပါတယ်။ ဘောလုံးရာသီတခုတည်းပေါ်ပဲ မူတည်ပေးတော့တာပါ။

သဘောကတော့ ပြက္ခဒိန်တနှစ်လုံးစာမရှိတော့ပါဘူး။ ဘောလုံးရာသီတခုစာ ၁၀ လအတွင်းစွမ်းဆောင်ရည်ကိုပဲ တွက်ချက်ပြီး ဆုကို ရွေးချယ်သွားတာပါ။ အဲဒီ ၁၀ လ အပြင်ဘက်က စွမ်းဆောင်ရည်တွေ အကျုံးမဝင်ပါဘူး။ ဒါကြောင့်လည်း မက်ဆီက အာဂျင်တီးနားနဲ့

၂၀၂၁ ဇူလိုင်လအတွင်းက ရခဲ့တဲ့ ကိုပါအမေရိကဖလားအောင်မြင်မှုကို သူတို့ထည့်တွက်လို့မရခဲ့ဘူးလို့ ဆုကို ကမကထလုပ်ရွေးချယ်ပေးနေတဲ့ ပြင်သစ်ဘောလုံးက ပြောခဲ့တာပါ။

"စည်းမျဉ်းအသစ်က ဘောလုံးရာသီတခုတည်းအပေါ်မှာ စံနှုန်းသတ်မှတ်ချက်ပြုလုပ်ထားပြီး ပြက္ခဒိန်နှစ်တနှစ်ထက်လည်း မရှည်ကြာပါဘူး၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က သူရခဲ့တဲ့ ကိုပါအမေရိကဖလားကို ထည့်သွင်းစဉ်းစားဖို့က မဖြစ်နိုင်ပါဘူး၊ ပြီးတော့ သူ့ရဲ့ ပဲရစ်ပထမဆုံးရာသီက အမြင်နဲ့ကိန်းဂဏန်းတွေအရ အရမ်းစိတ်ပျက်စရာကောင်းခဲ့တယ်ဆိုတာကို ဝန်ခံရပါလိမ့်မယ်" လို့ ပြင်သစ်ဘောလုံးက ဖြေရှင်းခဲ့ပါတယ်။ ဒီနှစ်အတွက် ဆုကိုတော့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဘန်ဇီမာပဲ ရရှိမယ်လို့ ရေပန်းစားနေပြီး လက်ရှိအချိန်ထိလည်း သူက ပြိုင်ဘက်မရှိဖြစ်နေပါတယ်။ အောက်တိုဘာလအတွင်း ပဲရစ်မှာ ပြုလုပ်မယ့် ဆုပေးပွဲမှာ ဘန်ဇီမာပဲ အောင်ပွဲခံဖို့ သေချာသလောက်ပါပဲ။

bottom of page