မက်ဆီကတော့ မက်ဆီပါပဲလို့ ပြောရဦးမှာပါပဲ။ နိုက်စ်နဲ့ပွဲမှာ အလွတ်တည်ကန်ဘောကနေ ဂိုးတဂိုးသွင်းခဲ့ပြီး ၂ပွဲဆက်တိုက် အဲဒီလိုအနေအထားကနေ သွင်းယူနိုင်ခဲ့တာပါ။ ဂျမေကာနဲ့ပွဲမှာ ဖရီးကစ်ကို အနိမ့်ဘော၊ မနေ့ကပွဲမှာ အမြင့်ဘောတွေ
ကန်သွင်းပြီး ပုံစံမျိုးစုံနဲ့ ဂိုးသွင်းယူနိုင်စွမ်းရှိတယ်ဆိုတာကိုပါ ပြသနေတာပါ။ ဒီရာသီ သူ့ရဲ့ လိဂ်ဂိုးက ၅ ဂိုးနဲ့ ဖန်တီးမှုကလည်း ၇ ကြိမ်အထိ ရှိလာပါပြီ။
ညက သူ့ကန်ချက်ကလည်း ဘာကောင်းသလဲမမေးနဲ့။ နိုက်စ်ဂိုးသမားက သေချာကြည့်နေရင်းနဲ့ကို ဘောလုံးလာတဲ့အချိန် လက်မြှောက်မလို့ဟန်ပြင်တုန်းရှိသေး၊ ဘောလုံးက ဂိုးပေါက်ထဲဝင်သွားလို့ ဒီတိုင်းလိုက်ကြည့်လိုက်ရပါတယ်။
တချိန်တည်းမှာပဲ ထူးထူးခြားခြားဆိုသလို ကွင်းထဲက ကြော်ငြာဆိုင်းဘုတ်တွေကလည်း ဂိုးဝင်သွားချိန်မှာ GOAT ဆိုပြီး ကြော်ငြာပေါ်လာပါတယ်။ (ဒါကတော့ တိုက်ဆိုင်တာပါ၊ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားလို့ အားလုံးလည်း အဲဒီအကြောင်း
ပြောနေကြပါတယ်)။
မက်ဆီက မနှစ်ကနဲ့ လုံး၀မတူအောင်ကို ဖြစ်လာပါတယ်။ ပီအက်စ်ဂျီကို ရောက်ရောက်ချင်း ခြေစွမ်းမပြနိုင်ခဲ့လို့ အသင်းပရိသတ်တွေကိုယ်တိုင်ကအစ သူ့ကိုလှောင်ပြောင်ခဲ့ကြတာပါ။ အခုတော့ ဒီဆိုးရွားမှုတွေကို သူက ပြန်ချေဖျက်ပြနေပါပြီ။
ဆက်တိုက်ဆက်တိုက်ကို ခြေစွမ်းပြနေပြီး ဂိုးသွင်းရင်သွင်း၊ မသွင်းရင် ဖန်တီးပေးနဲ့ အသင်းအတွက် ပွဲတိုင်းလိုလိုမှာ သွင်းဂိုးပါဝင်ပတ်သတ်နိုင်မှုလုပ်ပြနေနိုင်ပါတယ်။ မက်ဆီကစားတာကို စောင့်ကြည့်ကြပါဆိုတာက အဲဒါကြောင့်ပါပဲ။ ဘယ်အချိန်မှာ
ဘယ်လိုလုပ်ပြမယ်ဆိုတာကို စောင့်ကြည့်နေရတာကိုက အရသာပါ။
ဒီပုံစံအတိုင်းသာ သူ့ခြေစွမ်းကို ထိန်းထားနိုင်မယ်၊ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကို ရယူနိုင်မယ်ဆိုရင် ဘလွန်းဒီအောဆုကို ၈ ကြိမ်မြောက်အဖြစ်နဲ့တောင် သူ ရယူနိုင်ဖို့ မျှော်လင့်နိုင်မှာပါ။ ဒီလိုဖြစ်လာအောင် သူ လုပ်ပြနိုင်မလားဆိုတာကိုပဲ
ဆက်ပြီးတော့ ကြည့်ရပါဦးမယ်။
