ယူနိုက်တက်နည်းပြကြီးတန်ဟက်ဂျ်ကတော့ အသင်းခေါင်းဆောင်မက်ဂွိုင်းယားအတွက် နေရာမှန်ကိုတွေ့သွားခဲ့ပါပြီ။ လီဗာပူးလ်နဲ့ပွဲမှာ မက်ဂွိုင်းယားကို အရန်ခုံထိုင်ခိုင်းခဲ့တဲ့ လုပ်ရပ်က မှန်ကန်တယ်ဆိုတာကို တန်ဟက်ဂျ်သိသွားခဲ့တဲ့နောက်မှာ အင်္ဂလန်နောက်ခံလူကိုအဆိုပါနေရာမှာပဲထားတော့ဖို့အတွက် စဉ်းစားနေပြီလို့ သတင်းထွက်လာသလို မက်ဂွိုင်းယားကလည်း အသင်းပြောင်းဖို့အထိပါ စဉ်းစားနေပြီလို့ဆိုပါတယ်။ ပရိးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲမှာ မက်ဂွိုင်းယားပါဝင်ကစားခဲ့ရာမှာ ယူနိုက်တက်တို့ ၆ ဂိုးအထိ ပေးခဲ့ရပါတယ်။ ခံစစ်ပိုင်းကလည်း တော်တော်လေးရုပ်ပျက်ဆင်းပျက်နိုင်ခဲ့ပြီး ဂိုးသမားဒီဂီယာအတွက် လုံလောက်တဲ့ကာကွယ်မှုမျိုးမပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့်လီဗာပူးလ်နဲ့ပွဲမှာ ဗာရန်းနဲ့ မာတီနက်ဇ်တို့ကို တန်ဟက်ဂျ်ကတွဲဖက်ပေးခဲ့ပြီး မက်ဂွိုင်းယားကို အရန်ခုံပို့ပစ်ခဲ့တာပါ။ အဲဒီပွဲမှာ ယူနိုက်တက်ခံစစ်ပိုင်းက တော်တော်လေးခြေစွမ်းပြခဲ့ပြီး တန်ဟက်ဂျ်စိတ်ကြိုက်ကစားပြခဲ့ပါတယ်။ အခုတော့ မက်ဂွိုင်းယားအတွက် နေရာပျောက်မယ့်အရေးတွေးပူနေရပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲကလည်း နီးကပ်လာချိန်မှာ အခုလိုပုံမှန်ကစားခွင့်မရဘူးဆိုရင် အင်္ဂလန်အတွက်ပါ ထိခိုက်လာမှာကို နည်းပြဆောက်ဂိတ်က စိတ်ပူနေပါတယ်။ မက်ဂွိုင်းယားကသူ့ရဲ့အဓိကနောက်ခံလူဖြစ်ပြီး အခုလိုအရန်ခုံထိုင်ရမယ်ဆိုရင်တော့ အသင်းပြောင်းဖို့ကိုပါ ကစားသမားဘက်က ပြုလုပ်ဖွယ်ရှိပြီး ဆောက်ဂိတ်ကလည်း ဒါကိုထောက်ခံချင်နေတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ တန်ဟက်ဂျ်ရဲ့ အရန်ခုံပို့မယ့်ကိစ္စကို ထောက်ခံနေကြပါတယ်။ မက်ဂွိုင်းယားရဲ့ ကွင်းတွင်းဦးဆောင်မှုနဲ့ ကစားပုံအရည်အသွေးက တော်တော်လေးမေးခွန်းထုတ်စရာဖြစ်နေခဲ့တာကြာပါပြီ။ ဒါပေမယ့် သူ့ကို ပင်တိုင်အသုံးပြုနေခဲ့ပြီးတန်ဟက်ဂျ်ကလည်း ၂ပွဲဆက်သုံးခဲ့လို့ ပရိသတ်တွေစိတ်ပျက်ခဲ့ရပါတယ်။ အခုတော့ ဗာရန်းနဲ့မာတီနက်ဇ်အတွဲက အကောင်းဆုံးပုံစံလုပ်ပြနိုင်ခဲ့တာက ကျေနပ်ဖို့ကောင်းနေခဲ့ကာ မက်ဂွိုင်းယားအတွက် အသင့်တော်ဆုံးနေရာက အရန်ခုံပဲဆိုတာ တန်ဟက်ဂျ်တယောက်နားလည်သွားပြီလို့လည်း ထောက်ခံပြောဆိုနေကြပါပြီ။
top of page
bottom of page