ဒီတပတ်မှာတော့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ ပရီးမီးယားလိဂ်မှာ တွေ့ပါပြီ။ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်တို့ ၂ ကျော့စလုံးနိုင်ခဲ့ပေမယ့် ဒီတကြိမ်တော့ ဟာလန်းခြေစွမ်းနဲ့ နိုင်ပွဲတွေကို ဂိုးပြတ်သွင်းပြီးမှ ယူနေတဲ့ မန်စီးတီးကို အံတုနိုင်ပါ့မလားဆိုတာ စိတ်ဝင်စား
စရာပါ။ လီဗာပူးလ်ခံစစ်ကို ဟာလန်းက ထပ်စမ်းသပ်မယ့်ပွဲဖြစ်ပြီး ဗန်ဒိုက်ဦးဆောင်တဲ့ ခံစစ်တန်းက ဟာလန်းကို ဘယ်လိုထိန်းချုပ်သွားမလဲဆိုတာကလည်း စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။
ဗန်ဒိုက်နဲ့ ဟာလန်းက မကြာခဏဆိုသလို ဆုံဖူးပေမယ့် အခုကတော့ ဟာလန်းရဲ့ အကောင်းဆုံးပုံစံရနေချိန်မှာ တွေ့ရမှာပါ။ ပြီးခဲ့တဲ့ပွဲတွေမှာ လီဗာပူးလ်ခံစစ်က ဂိုးပေးရချိန်တိုင်း မတ်တပ်ရပ်ကြည့်နေခဲ့တယ်ဆိုပြီး ဗန်ဒိုက်က ဝေဖန်ခံခဲ့ရသူပါ။ အခု ဒါတွေကို
သူ ချေဖျက်ပြရပါတော့မယ်။ ပရီးမီးယားလိဂ်မှာ ဟာလန်းကို ထိန်းချုပ်နိုင်တဲ့ ခံစစ်မှူးမရှိသေးပါဘူး။ ကောင်းလှပါတယ်ဆိုတဲ့ ယူနိုက်တက်နောက်ခံလူမာတီနက်ဇ်လည်း လက်မြှောက်ခဲ့ရတာပါ။ လက်ရှိမှာ လိဂ်အကောင်းဆုံးခံစစ်မှူးလို့ သတ်မှတ်ခံထားရတဲ့
ဗန်ဒိုက်သာ ဟာလန်းကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ ဘွဲ့ထူးက ထိုက်တန်တယ်ဆိုတာကို သက်သေပြနိုင်မှာပါ။
ဟာလန်းက ဘုန်းမောက်ကလွဲရင် ကျန်အသင်းတိုင်းကို ဂိုးသွင်းထားပြီး တပွဲကို အနည်းလေး ၂လုံးလောက်သွင်းနေတာပါ။ ပြီးခဲ့တဲ့ ကိုပင်ဟေဂင်နဲ့ချန်ပီယံလိဂ်ပွဲကိုလည်း ဝင်မကန်ဘဲ ဂွာဒီယိုလာက သူ့ကိုအနားပေးထားပါတယ်။ အန်ဖီးလ်မှာကစားရမယ့်
ပွဲအတွက် ဟာလန်းက အင်ပြည့်အားပြည့်ဖြစ်နေပါပြီ။ ဗန်ဒိုက်က အရင်ကတည်းက ဟာလန်းကို အထင်ကြီးပြိးလေးစားမှုအပြည့်ပေးထားတဲ့သူပါ။ ဒါကြောင့် သူ ဒီပွဲမှာ ပိုပြီးတော့ သတိထားမယ်လို့လည်း ယူဆရပါတယ်။ မဟုတ်ရင်တော့ သူ့အတွက် အရမ်းခက်တဲ့
ပွဲတပွဲကို ကစားရသလိုဖြစ်လာမှာပါ။
"ကွန်မြူနတီဒိုင်းပွဲမှာ ဟာလန်းဂိုးမသွင်းနိုင်တော့ လူတွေက သူ့အကြောင်းကို ဝိုင်းပြောကြ၊ရေးကြနဲ့။ အဲဒီတုန်းက ကျနော်ပြောခဲ့ဖူးတာကို မှတ်မိသေးတယ်၊ ဟေ့ကောင်တွေ၊ နားထောင်ကြဦး၊ ဒီကောင်က ပြိုင်ဘက်ခံစစ်မှူးတွေကို အိပ်မက်ဆိုးတွေပေးမယ့်ကောင်ဆိုပြီး ကျနော်ပြောခဲ့တယ်၊
အခု သူက အဲဒါကို ပြသနေပါပြီ၊ တသမတ်တည်းသွားနေတဲ့ ခြေစွမ်းကို ပြသနေပြီး မန်စီးတီးလို အခွင့်အရေးတွေဖန်တီးပေးနိုင်တဲ့အသင်းမှာဖြစ်နေတော့ ပိုပြီးတော့ မြင်လွယ်နေပြီ" လို့ ဗန်ဒိုက်က ဒီပွဲမတိုင်ခင်မှာ ပြောထားပါတယ်။ ဒီတော့ သူ ဟာလန်းကို အလွတ်ပေးမှာတော့
မဟုတ်ပါဘူး။ ဒီရာသီ လှောင်ပြောင်ခံနေရမှုတွေကိုလည်း သူ ချေဖျက်ပြနိင်ဖို့၊ သူ့ သိက္ခာကို ပြန်ဆယ်နိုင်ဖို့လည်း ပြင်ဆင်ထားပါလိမ့်မယ်။
