နေးရှင်းလိဂ်ငါးပွဲကစားအပြီးမှာ အင်္ဂလန်တို့ နိုင်ပွဲတပွဲမှမရခဲ့ပါဘူး။ ၂ ပွဲသရေကျပြီး ၃ ပွဲရှုံးခဲ့လို့ အခုဆိုရင် နေးရှင်းလိဂ်ကပါ တန်းဆင်းသွားခဲ့ရပါပြီ။ ဒါက ကမ္ဘာ့ဖလားမတိုင်ခင် အင်္ဂလန်အတွက် စိုးရိမ်စရာကောင်းတဲ့ အနေအထားပါပဲ။ ယူရိုဗိုလ်လုပွဲကို
ရောက်ခဲ့ပြီးမှ အင်္ဂလန်ရဲ့ ဆုတ်ယုတ်သွားပုံက တကယ်စိတ်ပျက်စရာကောင်းလှပါတယ်။ တိုက်စစ်ကလည်း ကစားကွက်ကနေ ဂိုးမရတာ မိနစ်ပေါင်း ၄၅၀ ရှိသွားပါပြီ။ ဒါက ၅ ပွဲအထိ ရှိတဲ့ ပမာဏပါ။ ဆောက်ဂိတ်အတွက်တော့ သူ့အသင်းမှာ ဘာတွေမှားနေလဲ
ဆိုတာ အချိန်မီအဖြေရှာရပါတော့မယ်။
အင်္ဂလန်လူစာရင်းမှာ အားလုံးသိတဲ့အတိုင်း ကစားသမားတွေက နာမည်ကျော်တွေပါပဲ။ မီဒီယာတွေက ဖွသလောက် ခြေစွမ်းမျိုးမရှိတဲ့ ဒီကစားသမားတွေက ကွင်းထဲမှာ ဟန်ရေးပြရုံသက်သက်ဖြစ်နေပါတယ်။ ကလပ်အသင်းတွေမှာ ခြေစွမ်းပြနေပေမယ့်
လက်ရွေးစင်အသင်းမှာတော့ အားလုံး တိုင်ပျောက်နေပြီး အခုဆို ပရိသတ်တွေက သူတို့အသင်းက ကာတာမှာလည်း ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ ပြောနေကြပါပြီ။ ဆောက်ဂိတ်က ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်၊ ယူရို ၂၀၂၀ မှာ ဗိုလ်လုပွဲကို ပို့ပေးခဲ့ပေမယ့်
အခု သူ့အသင်းက တိုးတက်လာရမယ့်အစား ပြန်ကျသွားပါတယ်။
ကစားကွက်ကလည်း ပျင်းရိငြီးငွေ့စရာကောင်းသလို ကစားသမားတွေကလည်း တက်ကြွစရာကိုမရှိပါဘူး။ ပြိုင်ပွဲကြိးတွေဆိုရင် နာမည်ကြီးထမင်းငတ်ဖြစ်လေ့ရှိတဲ့ အင်္ဂလန်က ပြိးခဲ့တဲ့ပြိုင်ပွဲကြီးနှစ်ခုမှာ ပရိသတ်တွေကို စိတ်ကျေနပ်မှုအတိုင်းအတာတခုထိ
လုပ်ပေးနိုင်ခဲ့ပေမယ့် အခုတော့ စိတ်ပျက်စရာအနေအထားကို ပြန်ရောက်နေပါပြီ။ ဒါက ပိုပြီးတော့ မျှော်လင့်ထားတဲ့ ပရိသတ်တွေအတွက် တကယ်စိတ်ဓာတ်ကျစရာပါပဲ။ တိုက်စစ်ပိုင်းမှာဆိုရင် ဟယ်ရီကိန်း၊ ကွင်းလယ်မှာလည်း နာမည်ကျော် ဒီကလန်ရိုက်စ်၊
ဘီလင်ဟမ်၊ ခံစစ်ပိုင်းမှာလည်း ထိပ်တန်းအသင်းတွေမှာပဲ ကစားနေတဲ့သူတွေပါ။
ဒါတောင်မှ အင်္ဂလန်က အခြေအနေဆိုးနေပြီး အီတလီလို အဖိုးကြီးအသင်းကို အနိုင်ရအောင် မကစားနိုင်ဖြစ်နေပါတယ်။ ကာတာမှာလည်း သူတို့တွေ ဒီပုံစံနဲ့ဆို စောစောစီးစီးပဲ အောင်ဖျာလိပ်သွားဖို့ရှိနေပါတယ်။ ဆောက်ဂိတ်ကတော့ အားလုံးက သူ့အပြစ်တွေပဲလို့
ဝန်ခံခဲ့ပေမယ့် ဒီလောက်လေးနဲ့တော့ ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး။ သူ့အတွက် မှန်ကန်တဲ့အဖြေရအောင်တော့ အမြန်ဆုံးရှာဖွေရတော့မှာပါ။
