top of page
  • Facebook
  • YouTube

Add a Title

နိုင်ငံတကာပွဲ​တွေကို ကြည့်ဖြစ်​အောင်ကြည့်ထားပါ

ရော်နယ်ဒိုက ၃၇ ကျော်လို့ ၃၈ ထဲမှာ။ မက်ဆီက ၃၅ နှစ်။ ဒီတော့ ကျနော်တို့၊ခင်ဗျားတို့ရဲ့ ဘောလုံးပွဲကြည့်လာတဲ့ သက်တမ်းတလျှောက်လုံးမှာ မျက်လုံးနဲ့ ဖက်လှဲတကင်းရှိခဲ့တဲ့ ကမ္ဘာကျော်ကစားသမားနှစ်ဦးကို သိပ်မကြာခင်မှာ ဘောလုံးကွင်းထဲ မြင်ရမှာမဟုတ်တော့ပါဘူး။ အထူးသဖြင့် နိုင်ငံတကာပွဲတွေမှာပါ။ လာမယ့် ကမ္ဘာ့ဖလားပွဲက သူတို့ရဲ့ နောက်ဆုံးသော နိုင်ငံတကာပြိုင်ပွဲတွေဖြစ်လာဖို့က သေချာသလောက်နီးပါးရှိနေပါတယ်။

ကျနော်တို့ အလွန်ဆုံးကြည့်ရလှ မက်ဆီကို ကိုပါအမေရိကဖလားပွဲမှာ တွေ့ရတာပဲရှိပါမယ်။ ကျန်နာမည်ကျော်တွေအားလုံး လက်ရွေးစင်အသင်းကအနားယူပြီး ကလပ်အတွက်ပဲ အချိန်ပေးတော့မယ်ထင်ပါတယ်။ ရော်နယ်ဒိုက ၂၀၂၄ ယူရိုဖလားကို ဝင်ကန်ချင်တယ်လို့ ပြောထားပေမယ့် သူ့အနေအထားနဲ့က မလွယ်တော့ပါဘူး။ စိတ်ပဲရှိတော့တာပါ။ ထင်သလောက်မလွယ်တော့ပါဘူး။ သူ့ကို ထပ်ရွေးမယ်ဆိုရင် သူ့အတွက် စဉ်းစားရမယ့် နည်းစနစ်ပိုင်းတွေ၊ နည်းဗျူဟာကစားကွက်တွေ၊ အသင်းအထိုင်ချရမယ့် ကစားသမားတွေဆိုတဲ့အချက်တွေက အများကြီးပြင်ဆင်ရမှာပါ။ ဒီတော့ သူ့အတွက်နဲ့တော့ အဲလောက်ထိ လုပ်ဖို့က မလွယ်တော့ပါ​ဘူး။

 ဒီတော့ ဘောလုံးပွဲတွေ ၀အောင်ကြည့်ထားလို့ပဲ ပြောရပါတော့မယ်။ ကျနော်ကတော့ အခုခေတ်ပွဲတွေကို ကြည့်ရတာ အရင်ခေတ်ကလောက် စီးစီးပိုးပိုးမရှိဘူးလို့ ခံစားရတာကြာပါပြီ။  ကြည့်ရတာ ဘယ်လိုမှကို အဆင်မပြေဘူး။ နေးရှင်းလိဂ်က ခြေစမ်းပွဲတပွဲအသွင်ဆောင်နေပြီး အားကျိုးမာန်တက်မရှိတာက နည်းပါးနေတယ်။ ပြီးခဲ့တဲ့ ယူရိုလည်း အဲဒီအတိုင်းပါပဲ။ အကြိတ်အနယ်ပွဲတွေနည်းပါးလာပြီး တဖြည်းဖြည်းနဲ့ ပျင်းရိစရာကောင်းလာသလိုပဲ။ ကျနော့်တဦးတည်းခံစားချက်ပါ။ အခု ဒီလိုကစားသမားတွေပါ နားတော့မယ့်အချိန်ဆိုရင်တော့ ပိုဆိုးတော့မှာပါ။ လီဝန်ဒေါစကီး၊ မိုဒရစ်တို့လည်း ဒီကမ္ဘာ့ဖလားပြီးရင် အနားယူတော့မယ့်ထင်ပါတယ်။

 အဲဒါကြောင့် လာမယ့်ကမ္ဘာ့ဖလားပွဲမှာ ဒီကစားသမားတွေပါဝင်တဲ့ အသင်းတွေရဲ့ ပွဲကို ဦးစားပေးကြည့်ဖြစ်ပါမယ်။ အတတ်နိုင်ဆုံးတော့ မကြည့်ရမရှိလေအောင်တော့ လုပ်ရမှာပါပဲ။ မက်ဆီ-ရော်နယ်ဒိုတခေတ်ကုန်ဆုံးတော့မယ့်နည်းတူ သူတို့ခေတ်မှာ ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့်ကစားသမားတချို့ရဲ့ ခေတ်လည်း ကုန်ဆုံးတော့မှာပါ။ ဒါကို ကျနော်တို့ မေ့ထားခဲ့ကြတယ်။ ရော်နယ်ဒို-မက်ဆီနောက်လိုက်ပြီး ဒီကစားသမားတွေလည်း အသက်အရွယ်ရလာပြီဆိုတာကို သတိမထားမိခဲ့ကြဘူး။ အခုတော့ သူတို့နှစ်ယောက်နဲ့အတူ မိုဒရစ်တို့တသိုက်လည်း အချိန်တွေကုန်ဆုံးတော့မှာပါ။ တကယ်နှမျောစရာပါပဲ။


 အဲဒီတော့ ဘောလုံးပွဲတွေ ၀အောင်သာကြည့်ထားဗျာ။ အထူးသဖြင့် နိုင်ငံတကာပွဲတွေကိုပေါ့။

bottom of page