ဒီရာသီမှာ ဂိုးပေါက်ပျောက်နေတဲ့ ဆွန်ဟောင်မင်က လက်စတာနဲ့ပွဲမှာ လူစားဝင်လာပြီး ဟက်ထရစ်ရသွားပါတယ်။ တော်တော်လေးကောင်းတဲ့ ကန်သွင်းချက်တွေနဲ့ ဂိုးတွေရခဲ့တာပါ။ အရန်ခုံကထလာပြီး ဟက်ထရစ်သွင်းနိုင်တဲ့ ၇ ဦးမြောက်ကစားသမား
အဖြစ်နဲ့ပါ မှတ်တမ်းဝင်သွားပြီး တောင်ကိုရီးယားသားအတွက်တော့ ဂိုးတွေအရမ်းသွင်းချင်နေတဲ့ ဆန္ဒပြည့်၀သွားပါပြီ။
အရန်ခုံထိုင်နေရလို့ ဒေါသထွက်နေတဲ့ ဆွန်ဟောင်မင်က သူ လူစားဝင်ကစားခွင့်ရတဲ့အချိန်တွေမှာ ဂိုးတွေဆက်တိုက်သွင်းပြီး ဒေါသတွေအားလုံးကို သွင်းဂိုးတွေနဲ့ မျှောချလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ရွှေဖိနပ်ဆုရခဲ့တဲ့ ဆွန်က ဒီရာသီမှာ ဂိုးတွေပိုသွင်းဖို့
ဖိအားတွေရှိနေခဲ့ပေမယ့် ဂိုးမိုးခေါင်နေခဲ့တာပါ။ ကွန်တီက သူ့ကို စိတ်ရှည်လက်ရှည်နဲ့ ပွဲထုတ်ခဲ့တယ်။ အားပေးခဲ့တယ်။ နောက်ဆုံးမှာ မတတ်သာလို့ အရန်ခုံပို့ခဲ့ပြီး စပါးဂိုးတွေလိုချိန်မှာ လူစားဝင်ကစားစေခဲ့ပါတယ်။
လူစားဝင်လာပြီးနောက်မှာ ဆွန်က လှပတဲ့ကန်သွင်းချက်တွေနဲ့ ဂိုးတွေသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ အောင်ပွဲခံပုံကို ကြည့်ရင် နည်းနည်းတော့ ဒေါသထွက်နေတာကို တွေ့ရမှာပါ။ ဒါက အရန်ခုံထိုင်ရလို့လား၊ သူ့ကိုယ်သူ ဂိုးမရလို့ မကျေနပ်ဖြစ်နေတုန်းလားဆိုတာတော့
သေချာမသိပါဘူး။ အခု ဟက်ထရစ်ရခဲ့တာက သူ့ကိုယ်သူယုံကြည်မှုပြန်ရစေပြီး လာမယ့်ပွဲတွေမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့အတွက်လည်း အထောက်အကူဖြစ်လာတော့မှာပါ။
ဆွန်က အာရှရဲ့ ခြွင်းချက်မရှိအကောင်းဆုံးကစားသမားဖြစ်ပြီး ဘယ်လိုအချိန်မျိုးမှာမဆို သူ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကိုပါ မနေ့က ပြသွားခဲ့ပါတယ်။ ၂-၂ ဖြစ်နေပြီး စပါးအတွက် အနိုင်ရဖို့ ခက်ခဲတဲ့အချိန်မှာ သူ ဝင်လာပြီး အသင်းကိုကူညီပေးနိုင်ခဲ့ပါတယ်။
အာရှရဲ့ အကောင်းဆုံးကစားသမားလည်း ပီသပါပေတယ်။ စပါးရဲ့ လာမယ့်ပွဲတွေမှာတော့ သူ ပုံမှန်ပြန်ကစားခွင့်လည်း ရတော့မှာပါ။
