top of page
  • Facebook
  • YouTube

Add a Title

ထိပ်သီးအသင်းတွေ အခြေမလှတဲ့နေးရှင်းလိဂ်


နေးရှင်းလိဂ်ပွဲတွေကတော့ အကုန်ကမောက်ကမရလဒ်တွေ ထွက်နေတယ်လို့ ဆိုရမှာပါပဲ။ အဖွင့်ပွဲမှာတင် အသင်းကြီးတွေ အရေးမလှခဲ့သလို ဒုတိယပွဲအထိလည်း နိုင်ပွဲမရသေးတဲ့ ပြင်သစ်လိုအသင်းတွေပါ ရှိလာခဲ့တယ်။ အလယ်အလတ်အသင်းတွေ ခြေစွာနေတယ်လို့ ပြောရမှာဖြစ်ပြီး ဟန်ဂေရီ၊ ဒိန်းမတ်တို့ နိုင်ပွဲတွေရခဲ့တာ တကယ်ကို အံ့အားသင့်စရာပါ။ နော်ဝေဆိုရင် နှစ်ပွဲဆက်တိုက်နိုင်ပြီး တော်တော်လေးတာထွက်လှနေတယ်။ နာမည်ကြီးအင်္ဂလန်လည်း ပွဲဦးထွက်မှာတင် နာမည်ကြီးထမင်းငတ်ဇာတ်ကို ပြန်ကပြီး ထုံးစံအတိုင်းပြန်ဖြစ်သွားခဲ့တယ်။


ပြင်သစ်က ဒိန်းမတ်ကိုရှုံးတယ်၊ ခရိုအေးရှားနဲ့ သရေကျတယ်။ ကစားသမားကောင်းတွေရှိတဲ့ ခရိုအေးရှားဆိုလည်း ဩစတြီးယားကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးပြီး ပြင်သစ်ကို ပင်နယ်တီဂိုးနဲ့ သရေရအောင်တော့ ယူလိုက်နိုင်လို့ တော်ပါသေးရဲ့ဖြစ်ခဲ့တာပါ။ ထိပ်ဆုံး၅ သင်းစာရင်းဝင်တဲ့ အသင်းတွေ ပွဲဦးထွက်မှာ ခြေစွမ်းပျောက်ခဲ့ပြီး ဘယ်လ်ဂျီယံဆိုရင် နယ်သာလန်ကို ဂိုးပြတ်ရှုံးတာ တော်တော်တုန်လှုပ်စရာပါ။ သူတို့ရဲ့ ရွှေရောင်မျိုးဆက်တွေလည်း ပြီးဆုံးသွားပြီလားလို့ မေးခွန်းထုတ်ရမလိုဖြစ်လာပါပြီ။ ဒီရလဒ်တွေက ဘာကိုပြနေလဲဆိုရင် ဥရောပထိပ်သီးအသင်းကြီးတွေက ကမ္ဘာ့ဖလားအတွက် အသင့်မဖြစ်သေးဘူးဆိုတာပါပဲ။


ကမ္ဘာ့ဖလားကျင်းပဖို့က လိုသေးတယ်ဆိုပေမယ့် ဒီအချိန်မှာ စုစည်းမှုအားတခု၊ တည်ငြိမ်တဲ့ ခြေစွမ်းမျိုးကို ရထားမှ ပြိုင်ပွဲနီးလာချိန်မှာ အသင့်ဖြစ်နေမှာပါ။ ကြည့်ရသလောက်တော့ အသင်းကြီးတွေအကုန်တိုင်ပတ်နေတုန်းပါ။ ပြင်သစ်က ပိုဆိုးပါတယ်။ နေရာတိုင်းမှာ

ကမ္ဘာ့အဆင့်ကစားသမားတွေ ရှိနေပေမယ့် အကောင်းဆုံးမလုပ်ပြနိုင်ခဲ့ပါဘူး။ ဂျာမနီလည်း ဒီလိုပါပဲ။ အီတလီကို သရေပဲကစားနိုင်ခဲ့ပြီး ဗိုလ်စွဲနိုင်တဲ့ ခြေစွမ်းမျိုးကို မပြနိုင်ခဲ့ပါဘူး။ ဥရောပအသင်းတွေ ဒီလိုမျိုးဖြစ်နေတာက ဘရာဇီးလ်၊ အာဂျင်တီးနားတို့လို ခြေစမ်းပွဲမှာ အစွမ်းပြနေတဲ့ တောင်အမေရိကအတွက်တော့ အခွင့်ကောင်းပါပဲ။


သူတို့နှစ်သင်းစလုံးက ဆီမီးဖိုင်နယ်အဆင့်ကို အနိမ့်ဆုံးမှန်းထားတယ်ဆိုတာ သူတို့ပြောစကားတွေအရ သိသာနိုင်ပါတယ်။ ဥရောပထိပ်သီးအသင်းတွေအနေနဲ့ ဒိအခြေအနေကို မပြင်ဆင်နိုင်ရင် လာမယ့် ကမ္ဘာ့ဖလားမှာပါ မျက်နှာပျက်ရဖွယ်ရှိနေပါတယ်။ မထင်မှတ်ဘဲ ဒိန်းမတ်လိုအသင်းမျိုးက ကော်ကောင်ဖြစ်သွားတာ၊ underdog အနေအထားကနေ ဟော်လန်တို့ ဖြစ်မြောက်လာနိုင်ဖို့လည်းရှိနေပါတယ်။ အခုချိန်ထိတော့ နေးရှင်းလိဂ်မှာ အသင်းကြီးတွေက အသင်းကြီးပုံစံ ပီပီသသမရှိသေး၊ မပြသနိုင်သေးတာကတော့ အမှန်ပါပဲ။


bottom of page