top of page
  • Facebook
  • YouTube

Add a Title

စိတ်၀င်စားစရာ​တွေနဲ့ ပြည့်နှက်​နေတဲ့ ချန်ပီယံလိဒ် အုပ်စုအဆင့်

ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲမှုတွေက ပြီးဆုံးသွားပါပြီ။ မဲခွဲမှုပြီးရင် ထုံးစံအတိုင်း ဘာတွေထူးခြားလဲ၊ ဘာတွေစိတ်ဝင်စားဖို့ကောင်းလဲဆိုတာ လိုက်ရှာရတာက အမော။ စိတ်ကူးများနဲ့ထပ်တူမကျအောင် ပြုစားတတ်လွန်းတဲ့ ချန်ပီယံလိဂ်က ဒီတကြိမ်လည်း ပရိသတ်တွေကို စိတ်မပျက်စေခဲ့ရပါဘူး။ စိတ်ဝင်စားစရာလေးတွေရှိနေခဲ့ပါတယ်။ လူပြောများခဲ့တာကတော့ မရဏအုပ်စုတခုရယ်၊ အသင်းဟောင်းနဲ့ပြန်တွေ့ရမယ့်သူတွေရယ်၊ မူလာရဲ့ လီဝန်ဒေါစကီးဆီ ပို့ခဲ့တဲ့မက်ဆေ့ချ်ရယ်၊ ဂျာစီလှမ်းတောင်းခဲ့တဲ့ အစ္စရေးကလပ်က ကစားသမားတွေရယ်အကြောင်းပါ။ ဘာကာ၊ ဘိုင်ယန်၊ ဘင်ဖီကာ နဲ့ ဗစ်တိုးရီးယားပယ်လ်ဇန်တို့ ပါဝင်တဲ အုပ်စု (ဂ) ကို မရဏအုပ်စုလို့ဆိုပါတယ်။ လိဂ်ကြီး ၃ခုက အသင်းကြီး ၃ သင်းပါဝင်နေလို့ပါ။ ဒါပေမယ့် ကျနော်ကတော့ အဲဒီအုပ်စုထက်စာရင် အုပ်စု (က) က အေဂျက်ဇ်၊ လီဗာပူးလ်၊ နာပိုလီနဲ့ ရိန်းဂျားစ်အုပ်စုကိုတောင် ပိုသတ်မှတ်ချင်ပါတယ်။ ဒီနှစ်ရာသီအနေအထားအရ အဲဒီအုပ်စုက ပိုကျပ်မှာပါ။ နောက်တဆင့်အတွက် ၄ သင်းစလုံးအခွင့်အရေးအပြည့်ရှိနေပြီး လီဗာပူးလ်က ခြေပျက်နေလို့ အရင်လိုတကောင်တည်းချွန်ထွက်မနေတော့ပါဘူး။ အိမ်ကွင်းကောင်းတဲ့ အသင်းတွေစုနေပြီး နောက်တဆင့်အတွက် အသည်းအသန်ကန်ကြရမယ်ထင်လို့ပါ။ လီဝန်ဒေါစကီး၊ ဟာလန်းတို့က အသင်းဟောင်းတွေနဲ့ ချက်ချင်းပဲပြန်တွေ့ရပါပြီ။ နှစ်ယောက်စလုံး ဒီရာသီမှ အသင်းပြောင်းလာပေမယ့် ဒီရာသီမှာပဲ ဘိုင်ယန်၊ ဒေါ့မွန်တို့နဲ့ ပြန်ကန်ရတော့မှာပါ။ မန်စီးတီးနဲ့ ဒေါ့မွန်တို့ တအုပ်စုတည်းကျခဲ့ပြီး ဆီဗီလာ၊ ကိုပင်ဟေဂင်တို့နဲ့ အတူပါ။ မန်စီးတီးက အုပ်စုချောင်တယ်ပြောလို့ရပြီး ဒီအုပ်စုက ဟာလန်းနဲ့ဒေါ့မွန်ပြန်တွေ့တာနဲ့တင်ပဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ မူလာကတော့ မဲခွဲပြီးပြီးချင်းမှာပဲ "ဘောလုံးပရိသတ်အားလုံးအတွက် သဘောကျစရာမဲခွဲမှုတခုပါ၊ မစ္စတာလီဝန်ဒေါစကီးရေ၊ မကြာခင်မြူးနစ်မှာတွေ့မယ်နော်၊ လုပ်လိုက်ကြစို့လား၊ ချန်ပီယံလိဂ်ရာသီကို နွှဲလိုက်ကြရအောင်" ဆိုပြီး ပြောခဲ့ပါတယ်။ သူက ဘာစီလိုနာကိုဆို လှောင်ပြောင်နေကျကစားသမားဖြစ်ပြီး အခုပြန်တွေ့ပြီဆိုတော့ ကျေနပ်နေမှာပါ။ အသင်းဖော်ဟောင်းလီဝန်နဲ့လည်း ရင်ဆိုင်ရမှာကို သဘောကျနေပုံရပါတယ်။ ဘာကာက ဒီဘက်နှစ်တွေမှာ ဘိုင်ယန်ရဲ့ ငယ်နိုင်ဖြစ်နေပြီး ၂-၈ နဲ့ ဂိုးပြတ်ရှုံးတဲ့အထိတောင်ဖြစ်ခဲ့တာပါ။ ဒီတကြိမ်တော့ လီဝန်ဒေါစကီးက သူတို့ဘက်ကပါ။ ဘာကာတို့ လက်စားချေနိုင်မလား စောင့်ကြည့်ရပါတော့မယ်။ မက္ကာဘီဟိုင်ဖာက ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်၊ ဘင်ဖီကာတို့နဲ့ တအုပ်စုတည်းကျရောက်ခဲ့ပါတယ်။ သူတို့အတွက်တော့ ဒီအုပ်စုက တော်တော်လေးကျပ်တယ်လို့ဆိုရမှာဖြစ်ပြီး အုပ်စုအဆင့်က တက်ရောက်နိုင်ဖို့ထက် ယူရိုပါလိဂ်ကို ဆင်းကန်ခွင့်ရဖို့ကိုသာ ပိုမိုအားထုတ်ရမယ့် အခြေအနေမှာရှိနေပါတယ်။ ဒါပေမယ့် မက္ကာဘီဟိုင်ဖာကစားသမားတွေကတော့ မနေ့က အုပ်စုအဆင့်အတွက် မဲခွဲမှုတွေအပြီး နေမာနဲ့ မက်ဆီတို့ဆီကနေ ဂျာစီရနိုင်မလားလို့ အရင်တောင်းဆိုနေခဲ့ပြီဖြစ်ပါတယ်။ သူတို့က ပီအက်စ်ဂျီနဲ့ အိမ်ကွင်း/အဝေးကွင်း နှစ်ပွဲအထိကစားရမှာဖြစ်ကာ မက်ဆီ၊ နေမာ၊ ဘတ်ပီတို့နဲ့ ရင်ဆိုင်ခွင့်ရမယ့်အပြင် ကံကောင်းရင် အဆိုပါကစားသမားတွေရဲ့ ဂျာစီကိုတောင် အမှတ်တရအဖြစ် ရယူနိုင်တော့မှာလည်းဖြစ်ပါတယ်။  ဒါတွေက ချန်ပီယံလိဂ်မဲခွဲအပြီး စိတ်ဝင်စားစရာတွေပါပဲ။ 



bottom of page