မနေ့ညက ရော်နယ်ဒိုရဲ့ ကံဆိုးချက်ကတော့ ဩချယူရအောင်ပါပဲ။ သွင်းဂိုးတွေလိုအပ်နေတဲ့ ပေါ်တူဂီသားက ၆ ကိုက်အကွာကနေ လွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းခွင့်ရတာကို တိုင်မှန်အောင်ကန်ခဲ့မိပြီး ပရိသတ်အားလုံးကို ဟာခနဲဟင်ခနဲဖြစ်စေခဲ့ရသလို သူကိုယ်တိုင်လည်း အဆိုပါကန်သွင်းချက် ဂိုးမဝင်ခဲ့လို့ သူ့ကိုယ်သူမကျေမနပ်နဲ့ အော်ဟစ်သွားခဲ့ပါတယ်။
ဒါလော့ရဲ့ ဖန်တီးပေးမှုကနေ ဂိုးသမားရှိတော့ဘဲ နောက်ခံလူတဦးက ဝင်ပြီးကာထားရတဲ့ ဂိုးပေါက်ကို ရော်နယ်ဒိုက ကန်သွင်းခဲ့ရတာပါ။ ဒါကိုတောင်မှ ဂိုးမဝင်ခဲ့ဘူးဆိုတော့ သူ့ရဲ့ ကံဇာတာနဲ့ အနေအထားက တော်တော်လေးကိုနိမ့်ကျနေပြီလို့လည်း ပြောရပါမယ်။ ပရိသတ်တွေကတော့ ရော်နယ်ဒိုကို တပတ်ပြီးတပတ်၊ တရက်ပြီးတရက် ကရုဏာသက်နေရပါတယ်။ ဂိုးတွေသွင်းပြချင်နေတယ်၊ ပွဲတွေကစားပြချင်နေတယ်၊ ဒါပေမယ့် ဂိုးတွေမရဘူး၊ ပွဲကန်ခွင့်ကလည်း အကန့်အသတ်နဲ့ပဲ ရနေတယ်။
သူတို့ချစ်တဲ့ ကစားသမားတယောက်အတွက် စိတ်မကောင်းရုံကလွဲရင် ပရိသတ်တွေလည်း ဘာမှမတတ်နိုင်ဘူးဖြစ်နေတယ်။ အသက် ၃၄၊ ၃၅ အရွယ်လောက်သာဆိုရင်တောင်မှ ဒီလိုပွဲမျိုးမှာ ရော်နယ်ဒိုက အနည်းဆုံး ၂ဂိုးသွင်းနိုင်ဦးမှာပါ။ အခုတော့ သူ့အသက်အရွယ်ကလည်း
သူ့လုပ်နိုင်စွမ်းတွေကို ကန့်သတ်ထိန်းချုပ်လာနေပြီး ခန္ဓာကိုယ်ကလည်း ထိထိရောက်ရောက်တုံ့ပြန်မှုက အားနည်းသထက်နည်းလာခဲ့ပါပြီ။ ရော်နယ်ဒိုရဲ့ နေဝင်ချိန်တွေက တကယ်ဆို ဒီထက်မက လှပသင့်ရမှာပါ။ အခုတော့ မလှမပနဲ့ပဲ သူ ခရီးဆက်နေရတုန်းပါပဲ။
စိတ်အေးအေးထားပြီးတော့ သူ ကစားမယ်ဆိုရင် ဂိုးတွေပြန်ရလာမှာပါ။ အခုက ဂိုးအရမ်းလိုချင်စိတ်များနေပြီး သူ ဂိုးမရသေးဘူးဆိုရင် အရမ်းစိတ်ပူနေတဲ့ ရော်နယ်ဒိုကို မြင်နေရတယ်။ ဒါက သူ့ပုံစံမှမဟုတ်တာ။ အရင်ကဆို မိနစ် ၉၀ မပြည့်မချင်း အချိန်တန်ရင်
သူဂိုးရမယ်ဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့ ကစားခဲ့တဲ့သူ။ ဖိအားတွေကို သူ တော်တော်လေးပူပင်နေတာကိုလည်းမြင်နေရတယ်။ ဒါကို လျှော့ချလိုက်ရင်တော့ သူ ဂိုးရဖို့ ပိုလွယ်လာမယ်လို့လည်း ထင်တယ်။