အသက် ၂၂ အရွယ်ဟာလန်းဟာ မန်စီးတီးကို ဒီရာသီမှာ ပေါင် ၅၁ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး လိဂ်ပွဲ ၈ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူထားပြီး ဟက်ထရစ် ၃ ကြိမ်အထိ ရရှိထားသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာလည်း ဟာလန်းက ၃ ဂိုးသွင်းကာ ခြေစွမ်းပြခဲ့ပြီး သူ့ရဲ့ ပြိုင်ပွဲစုံသွင်းဂိုးက ၁၉ ဂိုးအထိရှိနေကာ စုစုပေါင်းမှ ၁၂ ပွဲသာ ကစားပေးထားရသေးတာဖြစ်ပါတယ်။ဒီလိုခြေစွမ်းပြနေမှုတွေကြောင့် ဟာလန်းက လူသားမဟုတ်ဘဲ စက်ရုပ်တရုပ်ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေထွက်လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ စက်ရုပ်တကောင်ကို ထည့်သွင်းမကစားစေဖို့ လက်မှတ်ရေးထိုးတောင်းဆိုတဲ့ ကမ်ပိန်းလည်း ထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာလန်းကို FA က ပွဲကစားခွင့်ပိတ်ပင်ဖို့ လက်မှတ် ၅၀၀ စုဆောင်းထားရာမှာ ၃၃၉ ဦးအထိက လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။စက်ရုပ်တကောင်ကို ပရီးမီးယားလိဂ်ဘောလုံးပွဲတွေမှာ ထည့်မကန်ဖို့အတွက်ဆိုပြီး လက်မှတ်ထိုးတောင်းဆိုတဲ့ နောက်ထပ်ကမ်ပိန်းမှာ လူပေါင်း ၂ သန်းကျော်ဆီက လက်မှတ်ကောက်ခံရရှိခဲ့ပါတယ်တဲ့။ ပရီးမီးယားလိဂ်သမိုင်းမှာ ကစားသမားတဦးကို ထည့်မကန်ဖို့အတွက် လူပေါင်းသန်းနဲ့ချီပြီးတောင်းဆိုတာက ဒါ ပထမဆုံးဖြစ်မယ်ထင်ပါတယ်။ အဓိပ္ပာယ်မရှိဘူးလို့ ယူဆရမှာဖြစ်ပေမယ့် ဒါက ဟာလန်းအတွက်တော့ ဂုဏ်ယူစရာပါပဲ။ သူ လုပ်ပြထားခဲ့တာတွေရဲ့ သက်ရောက်မှုက ဘယ်လောက်တောင်မှ ကြီးမားလဲဆိုတာကိုမြင်တွေ့နေရတာပါ။ မန်စီးတီးပရိသတ်တွေကလွဲရင် ကျန်တဲ့ ၁၉ သင်းပရိသတ်တွေစုပေါင်းပြီး လုပ်သလားတောင် ထင်ရပါတယ်။ ပရီးမီးယားလိဂ်မှာ ဟာလန်းထက် အရင်လာကစားခဲ့တဲ့ နာမည်ကျော်ကစားသမားတွေ၊ ဘောလုံးလောကကို ကိုင်လှုပ်ခဲ့တဲ့ကစားသမားတွေ အများကြီးရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ခြေစွမ်းပြလွန်းလို့ဆိုပြီး ထည့်မကန်ဖို့ တောင်းဆိုခံရတဲ့ ကစားသမားဆိုတာမရှိခဲ့ပါဘူး။ ဟာလန်းနဲ့ကျမှပဲ ဘာတွေဖြစ်ကုန်မှန်းကို မသိတော့အောင်ပါပဲ။ လယ်သမားလိဂ်မှာ ကန်ခဲ့တယ်ဆိုတဲ့ ချာတိတ်တယောက်က အခု ပရီးမီးယားလိဂ်ကို လယ်သမားလိဂ်ဖြစ်အောင်ကို လုပ်ပြနေတော့တာပါပဲ။
