top of page
  • Facebook
  • YouTube

Add a Title

ချယ်လ်ဆီးရင်ဆိုင်​နေရတဲ့ တိုက်စစ်ပြသာနာ

ချယ်လ်ဆီးနဲ့ တိုက်စစ်မှူးတွေကြားက ဆက်နွယ်မှုက တော်တော်လေးတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူတို့ခေါ်လိုက်တဲ့ တိုက်စစ်မှူးက ခြေစွမ်းပြပြီဆိုရင်လည်း အသင်းမှာ ဂန္ထဝင်တွင်အောင်ကို ခြေစွမ်းပြတာပါ။ ဒါပေမယ့် အသင်းနဲ့အဆင်မပြေဘူးဆိုရင်လည်း ဘယ်လိုမှကို အချိန်ပေး၊ စိတ်ရှည်ပေးလို့မရအောင်ဖြစ်ပြီး နောက်ဆုံးကျရှုံးမှုတွေနဲ့အတူ စတန်းဖို့ဘရစ်ချ်ကနေ ထွက်ရတာပါပဲ။ ဒီရာသီမှာဆိုရင် လူကာကူနဲ့ တီမိုဝါနာတို့နှစ်ယောက်စလုံး အသင်းကထွက်ခွာသွားခဲ့ပါပြီ။ ဗဟိုတိုက်စစ်မှူးတဦးမှကို ချယ်လ်ဆီးမှာမရှိတော့ဘဲ တူချယ်လ်အတွက် အဲဒီပြသနာက အခုထိရှင်းလို့မပြီးသေးပါဘူး။ လူကာကူကို ပေါင်သန်း ၁၀၀ ပေးပြီး ပြန်ခေါ်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ သူ့အရင်ရောက်လာခဲ့တဲ့ တီမိုဝါနာကိုလည်း လမ်းပတ်လက်ထက်မှာ စျေးကြီးပေးခေါ်ခဲ့ပေမယ့် ဝါနာလည်း ထင်သလိုမဟုတ်ခဲ့လို့ အသင်းဟောင်းလိုက်ဇစ်ကို ပြန်လစ်သွားရပါတယ်။ တိုက်စစ်မှူးတွေနဲ့ပတ်သက်ရင် ကျိန်စာဆိုးတွေအများကြီးရှိတဲ့ ချယ်လ်ဆီးအတွက် သူတို့က နောက်ဆုံးသောကျိန်စာသင့်သားကောင်တွေဖြစ်လာပါတယ်။ အခုတော့ ဘာစီလိုနာက အော်ဘာမီယန်ကို သူတို့ချိတ်ဆက်နေပါတယ်။ စျေးကွက်ပိတ်ဖို့ တပတ်ပဲလိုတော့တဲ့ အချိန်မှာ နည်းနည်းတော့ တက်သုတ်ရိုက်နေရတာပါ။ ဘာကာလည်း ချယ်လ်ဆီးအခက်တွေ့တာကို အခွင့်ကောင်းယူပြီး စို့စို့ပို့ပို့လေးလိုချင်လို့ အခုထိ ဒီအပြောင်းအရွှေ့က အဆင်မပြေသေးပါဘူး။ လိဒ်ကို ၃-၀ နဲ့ ရှုံးပြီးနောက်မှာ တူချယ်လ်က တိုက်စစ်မှူးရဖို့အတွက် အသင်းကို ပြောခဲ့ဟန်ရှိပါတယ်။ ဒီရက်ပိုင်းမှာ အော်ဘာမီယန်အတွက် ဖိဖိစီးစီး ချယ်လ်ဆီးကအလုပ်လုပ်နေတယ်လို့ ယူဆရပါတယ်။ ပရီးမီးယားလိဂ်အတွေ့အကြုံရှိပြီး ခြေစွမ်းလည်း ရှိနေသေးတဲ့ ဂါဘွန်တိုက်စစ်မှူးက စတန်းဖို့ဒ်ဘရစ်ချ်မှာ အောင်မြင်နိုင်ချေလည်းရှိပါတယ်။ အာဆင်နယ်မှာ အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပြီး ထိပ်တန်းအဆင့်ခြေစွမ်းမျိုးကို သူ ပြနိုင်ခဲ့ပါတယ်။ ဘာကာရဲ့ ပထမဆုံးရာသီဝက်မှာလည်း သူ အလုပ်ဖြစ်ခဲ့ပါတယ်။ အခု လီဝန်ဒေါစကီးရောက်လာချိန်မှာ သူ့အတွက် ပုံမှန်ကစားခွင့်ရဖို့ အာမခံချက်ကနည်းပါးသွားပါပြီ။ ဒီတော့ သူ ချယ်လ်ဆီးကို ရောက်လာနိုင်ပါတယ်။ သူ ရောက်လာလို့ ချယ်လ်ဆီးရဲ့ ပြသနာက အလုံးစုံပြေလည်သွားမှာတော့မဟုတ်ပေမယ့် တိုက်စစ်ပိုင်းအတွက်တော့ စိတ်အေးရမှာပါ။ ကိုင်ဟာဗက်ဇ်၊ မေဆန်မောင့်၊ စတာလင်၊ ပူလီဆစ်တို့နဲ့ ဒီရာသီမှာ တိုင်ပတ်နေတဲ့ ချယ်လ်ဆီးတိုက်စစ်အတွက် အော်ဘာမီယန်က အဖြေတခုဖြစ်လာမှာပါ။ ဂိုးရဖို့အတွက် သူတို့မပူရတော့ပါဘူး။ ဒါပေမယ့် ခံစစ်ပိုင်းပြသနာကိုတော့ သူတို့ရှင်းရဦးမှာပါ။ သီယာဂိုဆေးလ်ဗားက အသက်အရွယ်အရရော၊ ခြေစွမ်းအရပါ ကျလာပါပြီ။ မာဂုဏ်နဲ့ စိတ်ဓာတ်ကြံ့ခိုင်လို့သာကစားနေနိုင်တာပါ။ ဒီရာသီမှာ သူ့ခြေစွမ်းက ဆိုးရွားလာတာသိပါတယ်။ ကူလီဘလီက အားကိုးရမယ်ဆိုပေမယ့် သူနဲ့တွဲဖော်တော့လိုဦးမှာပါ။ လောလောဆယ်တော့ တူချယ်လ်က တိုက်စစ်နဲ့ခံစစ်ပြသနာကို တခါတည်ဖြေရှင်းဖို့လုပ်နေပြီး အခုထိတော့ မအောင်မြင်သေးပါဘူး။

bottom of page