ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပွဲတွေမှာ ပြင်သစ်တို့ အခြေအနေမကောင်းချိန်၊ ဘန်ဇီမာနဲ့ ဘတ်ပီတို့ ဂိုးပေါက်ပျောက်နေချိန်မှာ ဂီရော့ဒ်ကို တမ်းတခဲ့ရပါတယ်။ ဂီရော့ဒ်က သူသာ ဂိုးမသွင်းနိုင်ရင်ရှိမယ်၊ အသင်းဖော်တွေဂိုးရဖို့အတွက် အခွင့်အလမ်းတွေကို off the ball movements တွေ၊ နေရာလွတ်တွေရှာပေးတာတွေနဲ့ လုပ်ပေးနိုင်တဲ့သူဖြစ်နေလို့ပါ။ ဒါကို ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပွဲတိုင်းဝင်ကစားပြီး တဂိုးမှမသွင်းနိုင်ခဲ့ပေမယ့် အသင်းဖလားရအောင် ကူညီပြီး သက်သေပြခဲ့ပြီးပါပြီ။
ပြီးခဲ့တဲ့ရာသီက အေစီတို့ စီးရီးအေဖလားကို ပြန်ဆွတ်ခူးနိုင်ခဲ့ရာမှာ ဂီရော့ဒ်က ၁၁ ဂိုးသွင်းပြီး ကူညီနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ၆ ပွဲကစားပြီးချိန် ၃ ဂိုးသွင်း၊ ၁ ကြိမ်ဖန်တီးပေးထားပြီး ခြေစွမ်းပြနေပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် ဂီရော့ဒ်က ပစ်ပယ်ထားလို့မရသေး၊ မေ့ထားလို့မရသေးဘူးဆိုတာကိုပါ တွေ့နေရတာပါ။ ပြင်သစ်တို့ အခက်ကြုံနေပြီဆိုရင် ဂီရော့ဒ်ကို ပြန်ရွေးပါလို့ တောင်းဆိုခံရတဲ့ကစားသမားလည်းဖြစ်နေပြန်ပါတယ်။
အားလုံးသိထားတဲ့အတိုင်း ဂီရော့ဒ်ဆိုတာက သူ့ကစားသမားဘ၀မှာ ခဲရာခဲဆစ်ဂိုးတွေကိုပဲ သွင်းနိုင်ရပါလို၏ လို့ ဆုတောင်းခဲ့သူလို့တောင် ထင်ရပါတယ်။ အပိုင်အခွင့်အရေးတွေဆိုရင် လွဲ၊ မဖြစ်နိုင်ဘူး၊ မဂိုးနိုင်ဘူးဆိုတဲ့ အလုံးတွေဆိုရင် အားလုံးပါးစပ်အဟောင်းသားဖြစ်အောင် လုပ်ပြတတ်တဲ့ သူပါ။ ကာတာကမ္ဘာ့ဖလားအတွက် ပြင်သစ်တိုက်စစ်မှာ ကစားသမားတွေက ပုံအောခံနေတာပါ။ ဒါပေမယ့် ဂီရော့ဒ်က သူ့ကို မေ့ထားလို့မရဘူးဆိုတာကို ဒီရာသီအစမှာ ခြေစွမ်းပြပြီးသတိပေးခဲ့ပါတယ်။
အခုတော့ သူ့ကို ပြင်သစ်က ပြန်ရွေးချယ်ခဲ့သလို မနေ့ညက ကစားခဲ့တဲ့ ဩစတြီးယားနဲ့ပွဲမှာ ဂီရော့ဒ်က ၁ ဂိုးသွင်း၊ ၁ကြိမ်ဖန်တီးပြီး ခြေစွမ်းပြခဲ့ပါတယ်။ သူ့ရဲ့ သွင်းဂိုး၊ ဖန်တီးမှုတွေကြောင့် ပြင်သစ်တို့နိုင်ပွဲရခဲ့တာပါ။ အသင်းအတွက် ပြန်ကစားရချိန်မှာပဲ ခြေစွမ်းပြခဲ့ပြီး ကာတာသွားမယ့် ကစားသမားစာရင်းမှာ သူ့ကို မမေ့ဖို့ အချက်ပေးလိုက်ပါတယ်။ သူ့အတွက် လက်မှတ်တစောင်ကို မရရအောင် ဂီရော့ဒ်က ဖြတ်လိုက်ပြီထင်ပါတယ်။ အရေးပေါ်အခြေအနေတွေမှာ ပြင်သစ်ကို ကယ်တင်ပေးနိုင်တဲ့ ဒီကစားသမားကို ဒက်ချမ့်စ်မေ့ထားလို့မရဘူးဆိုတာလည်း ပိုသေချာလာပါပြီ။
