top of page
  • Facebook
  • YouTube

Add a Title

ကမ္ဘာ့ဖလားဆီ သူတို့မရောက်ခဲ့ကြပေမယ့် ကမ္ဘာကြီးရှေ့ကိုတော့ သူတို့ရောက်ခဲ့ပါတယ်။


ဝေးလ်ကို ရှုံးအပြီးမှာ ယူကရိန်းကစားသမားတွေကို ငိုကြွေးနေတာတွေ မြင်ရတာက စိတ်ထဲမှာ မသက်သာလှ။ ဘောလုံးပွဲတပွဲရဲ့ ရလဒ်ပဲဆိုပေမယ့် တဖက်မှာတော့ သူတို့အတွက် ဒီပွဲက အများကြီးအရေးပါနေခဲ့တာကိုး။ ကမ္ဘာ့ဖလားဆီအရောက်သွားပြီး သူတို့ရဲ့ ပြည်သူတွေ နာကျင်မှုဒဏ်၊ ကြေကွဲမှုတွေ၊ ဆုံးရှုံးရမှုတွေတွေကို ဖြေသိမ့်ပေးဖို့ ကွင်းထဲမှာ အားကုန်ထုတ်ခဲ့ပေမယ့် ကံအကြောင်းမလှခဲ့။ အသင်းရဲ့ အဓိကကစားသမား ယာမိုလန်ကိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ဂိုးနဲ့ ရှုံးခဲ့ရတယ်ဆိုတော့ ပိုဆိုးပြီပေါ့။


ဒါပေမယ့် ဒီပွဲကို မေတ္တာလက်ဆောင်လက်မှတ်တွေရလို့ လာအားပေးနိုင်ခဲ့တဲ့ ယူကရိန်းစစ်ရှောင်ပြည်သူတွေကတော့ နောက်ဆုံးအချိန်ထိ သူတို့အသင်းကို လက်ခုပ်တီးအားပေးခဲ့ပါတယ်။ အပြိုင်အဆိုင်ငိုကြွေးနေတဲ့ ယူကရိန်းကစားသမားတွေကလည်း သူတို့ဂျာစီတွေ

လက်ဆောင်ပေးခဲ့ပြီး ပရိသတ်ကို ပြန်အားပေးနှစ်သိမ့်ခဲ့ရတာပါ။ ဒီမြင်ကွင်းက ဘယ်လိုပဲဖြစ်ဖြစ် စိတ်ထဲမှာတော့ နင့်နေစေတာအမှန်ပါပဲ။ သူတို့ကမှ တော်သေးတယ်၊ သူတို့ခံစားချက်ကို ကမ္ဘာကြီးဆီ တိုက်ရိုက်ရောက်အောင် ပို့နိုင်ခဲ့တာမဟုတ်လား။ ဒီလိုပြန်တွေးမိတော့ ကိုယ့်ကိုကိုယ်အရင်သနားစမ်းပါကွာလို့ အားပြန်တင်းရပါတယ်။


ကမ္ဘာ့ဖလားကို အရောက်သွားမယ့် လက်မှတ်နဲ့ ပြည်သူတွေကို နှစ်သိမ့်ပေးနိုင်ဖို့ ယူကရိန်းသားတွေ မျှော်လင့်ခဲ့ပေမယ့် ထင်သလိုမဖြစ်လာခဲ့။ နောက်ဆုံးခြေတလှမ်းမှ ချော်ထွက်သွားပြီး ခဲလေသမျှသဲရေကျခဲ့တော့တာပဲ။ ကွင်းလယ်ဒိုင်လူကြီးကအစ၊ ပြိုင်ဘက်ကစားသမား၊ ပရိသတ်တွေအကုန်လုံးက သူတို့ကို နှစ်သိမ့်ခဲ့ကြ၊ အားပေးခဲ့ကြနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒါလည်း သူတို့အတွက် ခွန်အားတခုတော့ ဖြစ်ခဲ့မှာပါ။ ငါတို့အပေါ်မှာ စာနာသူတွေ၊ ကရုဏာသက်နေသူတွေ ကမ္ဘာကြီးမှာ အများကြီးရှိနေသေးတယ်ဆိုတာကိုတော့ သူတို့ သိသွားကြမှာပါပဲ။


ကမ္ဘာ့ဖလားဆီ သူတို့မရောက်ခဲ့ကြပေမယ့် ကမ္ဘာကြီးရှေ့ကိုတော့ သူတို့ရောက်ခဲ့တာပဲလေ။ ဘောလုံးပွဲပြီးသွားချိန်မှာ လူသားချင်းစာနာမှုတွေ၊ ကြင်နာမှုတရားတွေကို မြင်ရတော့လည်း ကမ္ဘာကြီးက ထင်သလောက်မဆိုးရွားသေးဘူးလို့တော့ ခံစားမိခဲ့ပါတယ်။ အပေါ်ယံတွေမဟုတ်ခဲ့ရင်ပေါ့လေ။ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုတော့ ဒီလောက်လေးတွေက ဖြေသိမ့်စရာ၊ နာကျင်မှုဒဏ်ကို တခဏတာသက်သာရာပဲဆိုတာလည်း သိမှာပါ။ ဒါပေမယ့်လည်း ဒီအခိုက်အတန့်လေးတွေကပဲ ကမ္ဘာကြီးရှေ့ကို စုပြုံကျလာလေတော့အချည်းနှီးတော့မဖြစ်ခဲ့ပါ။ အနည်းဆုံးတော့ သူတို့ ကမ္ဘာကြီးရှေ့ဆီကို ရောက်လာခဲ့သေးပါပဲ။ ဒီလိုရောက်မလာနိုင်တဲ့ နေရာတွေ၊ အရပ်ဒေသတွေ၊ လူသားတွေမှ အများကြီးပဲလေ။

bottom of page