ပြီးခဲ့တဲ့ တပတ် မက်ဒရစ်ဒါဘီပွဲ ကစားခဲ့တုန်းက ပွဲအစီအစဉ်ကြေညာနေသူက ပွဲချိန်အတွင်းမှာပဲ "ချူဝါမန်နီရဲ့ တန်ဖိုးကို မေးခွန်းထုတ်ခဲ့တဲ့ သူတွေ ဘယ်ရောက်ကုန်ပြီလဲ" လို့ ပြောသွားခဲ့ပါတယ်။ သဘောကတော့ ဒီချာတိတ်လေးရဲ့ ခြေစွမ်းက တကယ်ကို
ချီးကျူးရလောက်အောင် ကောင်းမွန်နေတယ်ဆိုတာပါပဲ။ ကက်စ်မဲရိုးထွက်သွားချိန်မှာ သူ့နေရာအတွက် ချူဝါမန်နီရှိနေခဲ့တယ်ဆိုပေမယ့် အခုမှ အသင်းကိုရောက်လာတဲ့ ချာတိတ်တယောက်ကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။
ဒါကလည်း သဘာ၀ကျပါတယ်။ ကက်စ်မဲရိုးလို ဆရာကြီးနေရာကို တိုက်ရိုက်အစားထိုးရမှာဖြစ်ပြီး တော်တန်ရုံကစားသမားမျိုးနဲ့ မရဘူးဆိုတာ အားလုံးက တွက်ဆထားပြီးသားမို့ပါ။
ဒါပေမယ့် ချူဝါမန်နီကတော့ သူ့ကို နေရာပေးချိန်ကစပြီး အခုချိန်ထိ အသင်းကွင်းလယ်ခံစစ်မှာ အကောင်းဆုံးကစားပြနိုင်ခဲ့ပါတယ်။ ပွဲတိုင်းမှာ တာဝန်ကျေပွန်နေခဲ့ပြီး အသင်းခံစစ်တန်းကို သူက ရှေ့ကနေ မားမားမတ်မတ်ကာကွယ်ပေးနေခဲ့တာက
အသက်အရွယ်နဲ့တောင် မလိုက်ဖက်ပါဘူး။ အေတီကိုနဲ့ပွဲမှာဆိုရင်လည်း -
- အခွင့်အရေးဖန်တီးမှု ၂ ကြိမ်
- Big Chance ၁ ကြိမ်
- ဖန်တီးမှု ၁ ကြိမ်
- ပေးပို့ပုံ ၉၀% တိကျ
- ဘောလုံးပြန်ဆယ်ယူနိုင်မှု ၇ ကြိမ်
- ရှင်းထုတ်မှု ၆ ကြိမ်
- တဦးချင်းအသာရမှု ၃ ကြိမ်
- ဖျက်ထုတ်မှု ၂ ကြိမ်
- ကြားဖြတ်လုယူမှု ၂ ကြိမ် လုပ်ပြနိုင်ခဲ့ပါတယ်။
အေတီကိုလို အသင်းနဲ့ ရင်ဆိုင်ချိန်မှာ သူ လုပ်ပြခဲ့တာပါ။ ဒီတော့ အသင်းကြီးတွေနဲ့ မတွေ့သေးလို့ပါကွာဆိုတဲ့သူတွေကိုလည်း ပါးစပ်ပိတ်သွားစေခဲ့ပါတယ်။ ပွဲအစီအစဉ်တင်ဆက်သူ ပြောသလိုဆိုရင်
ချူဝါမန်နီကို သံသယဖြစ်နေခဲ့သူတွေ ဘယ်ရောက်ကုန်ပြီလဲလို့ မေးရတော့မှာပဲ။ ခရူးစ်+မိုဒရစ် နဲ့လည်း သူက အဆင်ပြေသလို ကာမာဗင်ဂါ+ဗယ်လ်ဗာဒီနဲ့ဆိုရင်လည်း အဆင်ပြေတာပါပဲ။ ရီးရဲလ်ပရိသတ်တွေအတွက်တော့ သူတို့အသင်းရဲ့
ကွင်းလယ်ခံစစ်ပိုင်းအတွက် ဆယ်စုနှစ်တခုစာလောက် စိတ်အေးလက်အေးနေလို့ ရနေပါပြီ။
ပြင်သစ်ကြယ်ပွင့်ရဲ့ ခြေစွမ်းကလည်း ကာတာကမ္ဘာ့ဖလားကို လိုက်ပါခွင့်ရဖို့အထိကို အခွင့်အရေးကောင်းနေတာပါ။ မိုနာကိုမှာ ခြေစွမ်းပြတယ်၊ ရီးရဲလ်မှာလည်း အခု ခြေစွမ်းပြနေတယ်။ တချိန်တည်းမှာ ပြင်သစ်က ပေါ့ဂ်ဘာနဲ့ ကန်တေတို့ ဒဏ်ရာရနေတယ်။
ဒါတွေက ချူဝါမန်နီအတွက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ အခွင့်အရေးတွေပါပဲ။ သူ့ပုံစံကိုသာ ဆက်ထိန်းထားနိုင်ရင် ပြင်သစ်ကွင်းလယ်မှာပါ သေချာပေါက် နေရာတနေရာရဖို့အထိ ရှိနေပါတယ်။
